ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Saturday, August 20, 2011

မန္တလေးကို ဘာကြောင့်တည်သလဲ (ရွှေပြည်ဦးဘတင် စာပွဲသဘင်မှ)


(မန်းရာပြည့် ခေါ် မန္တလေးမြို့ နှစ် - ၁၀၀ ပြည့်ပွဲကာလ (၁၉၅၉ ခုနှစ်) တွင် မန္တလေးတက္ကသိုလ်၌ ပညာရှိကြီး ရွှေပြည် ဦးဘတင် ဟောပြောချက်များ။ စာရေးဆရာ ဦးဝင်းတင့် ကူးယူးထားသော တိတ်ခွေမှ ကောက်နုတ်တင်ပြပါသည်။)
ဘာကြောင့် မန္တလေးမြို့ကို တည်ဖို့ စိတ်ကူးပေါက်ရသလဲ၊ ဘာကြောင့် တည်ထောင်တာလဲဆိုတော့ ပညာရှိများရဲ့ အယူအဆ နည်းနည်းပြောရဦးမယ်။ ကုန်းဘောင်မင်းတို့တွင် အလောင်းမင်းတရားကြီးသည် ရတနာသိင်္ဃ ကုန်းဘောင်မြို့တည် နန်းတည်မင်းလို့ ရာဇ၀င်တင်ရတယ်။ ဒုတိယနောင်တော်ကြီးကျတော့လည်း ဇေယျပူရ၊ စစ်ကိုင်းမြို့တည်မင်းလို့ ရာဇ၀င်တင်ရတယ်။ ကုန်းဘောင်ဆင်ဖြူရှင်ကျတော့လည်း ရတနာပူရ တတိယမြို့တည် နန်းတည်မင်းလို့ ဒီလိုတင်ရတယ်။ နောက် ဘိုးတော်ဘုရားကျတော့ အမရပူရ ပထမမြို့တည် နန်းတည်မင်းလို့ တင်ရတယ်။ ဘကြီးတော်ဘုရား လက်ထက်ရောက်တော့ ရတနာပူရ စတုတ္ထမြို့တည် နန်းတည်မင်း၊ ရွှေဘိုမင်းကျပြန်တော့ ဒုတိယ အမရပူရ မြို့တည်နန်းတည်မင်း၊ ဒီတော့ မြို့တည်နန်းတည်မင်း အမည်ခံတဲ့ မင်းတွေက -
အလောင်းမင်းတရားကြီးရယ်
နောင်တော်မင်းကြီးရယ်
ဆင်ဖြူရှင်ရယ်
ဘိုးတော်ဘုရားရယ်
ဘကြီးတော်ရယ်
အခု မင်းတုန်းမင်းရဲ ခမည်းတော် ရွှေဘိုမင်းရယ်။
မင်းတုန်းမင်းထိ မင်း ၁၀ - ဆက်မှာ ၆ - ဆက်က မြို့တည်နန်းတည်မင်းလို့ ရာဇ၀င်တင်ရတယ်။ ဒီတော့သူလည်း မြို့တည်နန်းတည်မင်းလို့ ရာဇ၀င်တွင် ကျန်ရစ်ချင်တယ်။ အဲဒါနဲ့ မန္တလေး ရတနာပုံ ပထမမြို့တည် နန်တည်မင်း။
နောက်အကြောင်းတစ်ချက်က ရှေးက သိုက်စာရယ်လို့ ရှိပြန်တယ်။ အဲဒီသိုက်စာတွေက မန္တလေးအရပ်မှာ မြို့ပြထီးနန်း တည်ထောင်လိမ့်မယ်၊ ဒီထီးနန်း တည်ထောင်သော မင်းဟာ အင်္ဂါသား ဖြစ်ရမယ်၊ သာသနာပြု မင်းကောင်း မင်းမြတ်လည်း ဖြစ်လိမ့်မယ်၊ သတ်တော်လည်း ရှည်လိမ့်မယ်၊ ဘုန်းတန်ခိုးလည်း ကြီးလိမ့်မည်ဟု သိုက်စာတွေ ရှိခဲ့ဖူးတယ်။ အဲဒီသိုက်စာအရ ငါကလည်း အင်္ဂါသား၊ သာသနာတစ်ဝက် မင်းကောင်းတစ်ဆက်ဆိုတဲ့ သြဘာစကားကလည်း ရှိ။ သာသနာတစ်ဝက်နဲ့ ငါလည်း ကိုက်တယ်။ ဒီစိတ်ကူးနဲ့ သူက အိပ်မက်ဝင်မက်သေးတယ်။ သူမက်တဲ့ အိပ်မက်က ဗန်းမော်အမည်ရှိသော အမျိုးသမီးနှစ်ယောက်က သူ့ကိုလက်တွဲပြီး မန္တလေးမြို့ပြ ထီးနန်းတည်မဲ့နေရာ ရောက်ရတယ်လို့ အိပ်မက်မြင်မက်တယ်။ အကြောင်းကတော့ ဆီလျော်တယ်။ ဘာလို့လဲဆိုတော့ သူ့မိဖုရားကြီးတွေက ကြာသပတေးသမီးတွေ။ ဗန်းမော်ဆိုတော့ ကြာသပတေးနံ။ အဲဒါနဲ့ပဲ သိုက်သမိုင်းအရ တည်ထောင်သော မြို့တည်နန်းတည်ရာမှာ သာသနာတော်ထွန်းကားမယ်၊ လူတွေ ကောင်းကျိုး ချမ်းသာရှိမယ်၊ တိုင်းပြည် သာယာဝပြောလိမ့်မယ်ဆိုတာတွေကို ပဓာနထားပြီး မန္တလေးမြို့ကို တည်ထောင်ခဲ့လေတယ်။

No comments:

Post a Comment