(ဒေါက်တာ ခင်မောင်ညို၊ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၄ ရက်၊ Eleven ဂျာနယ်မှ)

ခေါင်းဆောင်သည် အိပ်မက်တော့ မက်နိုင်သည်။ သို့သော် အိပ်မက်ထဲတွင် နေ၍မရ။ လက်တွေ့ဘ၀ကို ၀င်ရောက်ရသည်။ လူအများက အိပ်မက်မက်နေသူ (dreamer) နှင့် အလုပ်လုပ်သူ (doer) တို့အကြား မပြတ်မသား နေကြသည်။ ခေါင်းဆောင်ကတော့ အိပ်မက်မက်သူ (dreamer) မှ အလုပ်လုပ်သူ (doer) သို့ ပြောင်းနိုင်ကြသည်။ လူတိုင်း ထိုသို့ ပြောင်းလဲမှုပြုလုပ်နိုင်သည်။ ထိုသို့ ပြောင်းလဲနိုင်သူသည် အောင်နိုင်သူဖြစ်မည်။ ဦးဆောင်ဦးရွက်သူ ဖြစ်လာမည်။ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပေမည်။
Jack D.Hodge က သူ၏ The Power of Habit စာအုပ်တွင် အလေ့အကျင့် (Habit) အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။ ပထမ မိမိကိုယ်ကို သုံးသပ်ကြရမည်။ သင်လိုချင်သည့် ကောင်းသော အလေ့အကျင့်ကို တည်ဆောက်ရမည်။ မကောင်းသော အလေ့အထကို ပယ်မည်။ အဲဒါဘာလဲ။ သင်ဘယ်လို လုပ်သိမှာလဲ။ သင်နဲ့အတူ နေထိုင်သူ။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် သို့မဟုတ် မိတ်ဆွေများကို အကူအညီတောင်းရမည်။ သင်ဘာဖြစ်နေလဲ။ သင့်အကျင့် ဘာတွေလဲဆိုတာကို သိရင် သင်တိုးတက်လာမည်။ စပိန်စကားပုံတစ်ခုရှိသည်။ Self- knowledge is the beginning of self- improvement တဲ့။ ဆိုလိုသည်မှာ မိမိကိုယ်ကို သိခြင်းသည် မိမိကိုယ်ကို ပြုပြင်ခြင်းပါပဲဟူ၍ ဖြစ်သည်။
မိမိ၏ အလေ့အကျင့်အတော်များများသည် တိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးတတ်သည်။ ဒါကို ကျွန်တော်တို့ အများစုသည် သတိမပြုမိကြပေ။ အိုလီဗာဝင်းဒယ်ဟုမ်းက “ကျွန်တော်တို့ဟာ အလွယ်တကူ သိနိုင်သည်များကို သိရှိစေဖို့ သင်ယူဖို့ရှိသေးသည်” ဟု ပြောပြခဲ့သည်။ သူက အောက်ပါ ဥပမာကို ပြသည်။ ကျွန်တော်ငယ်ငယ်က အင်ဒီယာနာပြည်နယ် အနောက်တောင်ဘက်မှာနေသည်။ ကျွန်တော်တို့ မြို့ငယ်ငယ်လေးကို ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ရောက်လာသည်။ ကျွန်တော်တို့ မြို့သားများက ဆပ်ကပ်အဖွဲ့ ရွက်ဖျင်တဲကြီး ဆောက်နေသည်ကို သွားရောက် ကြည့်ရှုကြသည်။ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ ဆင်ကြီးတွေကို သဘောကျသည်။ “ကြီးများ ကြီးထွားလိုက်တာ။ အင်အားကောင်းလိုက်တာ” ကျွန်တော်တို့ အံ့သြနေကြသည်။ ဆင်များသည် ထုတ်ယောက်၊ ဒိုင်းမြားတို့ကို ပင့်ကာချီကာ မြှောက်ကာနှင့် လူခိုင်းသမျှ လုပ်သည်။
ညဘက်ကျတော့ ကျွန်တော်တို့ မိသားစု ဆပ်ကပ်သွားကြည့်ကြသည်။ ဆင်ကြီးများကို တွေ့ရသည်။ သူတို့၏ နောက်ခြေထောက်တွင် ကြိုးတစ်ချောင်းချည်ထားပြီး ထိုကြိုးကို သစ်ငုတ်သေးသေးလေးတွင် ချည်ထားသည်။
“အဖေကြီး ဆင်ကြီးတွေကို ကြည့်ပါဦး။ သူတို့ကို ချည်ထားတဲ့ ငုတ်ကလေးသေးသေးလေး။ သူတို့ အသာလေး ဆွဲနုတ်ပြီး သွားလို့ ရတာပဲ မဟုတ်လား”
ကျွန်တော့်အမေးကို အဖေလည်း စဉ်းစားကြည်သည်။
“ဟုတ်ပါရဲ့”
အဖေသည် ဆင်ထိန်းတစ်ယောက်ကို သွားမေးသည်။ ဆင်ထိန်းက ပြောသည်။
“ဆင်လေးဟာ ငယ်ရွယ်စဉ်က အားသိပ်မရှိဘူး။ သူ့နောက်ခြေကို သံကြိုးနဲ့ ချည်ပြီး သံတိုင်မှာ မလှုပ်နိုင်အောင် လုပ်ထားတယ်။ ဆင်လေးဟာ နေ့စဉ်ရုန်းတယ်။ ဒီလိုရုန်းကန်ပေမယ့် ဘာမှ ဖြစ်မလာဘူး။ သံတိုင်တွေနဲ့ သံကြိုးတွေက အင်မတန်ခိုင်တယ်။ ဒီတော့ ဆင်လေးဟာ သတိပြုမိတယ်။ သူဘယ်လောက်ပဲ ဆွဲဆွဲ။ ဘယ်လိုပဲ ကြိုးစားရုန်းကန်နေပေမယ့် အလကားပါပဲ။ သူ့ကို အစားအသောက်တွေလည်း ကျွေးထားတော့ အဆင်ပြေနေသားပဲလို့ သူတွက်တယ်။ ဒီတော့ သူမရုန်းတော့ဘူး။ ဒီလိုနဲ့ ဆင်လေးဟာ ရုန်းထွက်တဲ့ အလေ့အကျင့်ကို စွန့်လွှတ်လိုက်တော့တာပါပဲ။
ဒီမရုန်းထွက်တဲ့ အလေ့အကျင့်ဟာ ဆင်လေး ကြီးလာတဲ့အချိန်အထိ “စွဲ” လာခဲ့တယ်။”
“သြော် ဒါကြောင့် သူ ဒီလို မရုန်းထွက်တော့တာကိုး”
“ဟုတ်ပါတယ်။ ခုဆို ငုတ်လေးစိုက်ပြီး ချည်ထားရင် သူလည်း မသိသလိုနေတာ အကျင့်ပါနေပြီလေတဲ့”
လူတွေကိုလည်း ဒီလိုလေ့ကျင့်ပေးလို့ရသည်။ ဒါကို စိတ်ပညာရှင်များက Conditioned ဟုခေါ်သည်။
လူတွေက စောစောကပြောသွားတဲ့ဆင်တွေလိုပါပဲ။ သူတို့ရဲ့ Conditioned လုပ်ထားတဲ့ အလေ့အကျင့်ထဲမှာ ချောင်ပိတ်မိနေကြသည်။ ရုန်းထွက်ဖို့ စိတ်ကူးမျှမရှိကြဘူး။
ဒီအတွက်ကျွန်တော်တို့ ခင်ဗျားတို့သည်လည်း မိမိတည်ဆောက်ထားသည့် ပင့်ကူအိမ်ထဲမှာ ကိုယ်တိုင် ရုန်းမထွက်နိုင်တာပဲ ဖြစ်သည်။ ကောင်းသော အလေ့အကျင့် တည်ဆောက်မိသူသည် တိုးတက်အောင်မြင်သွားသည်။ မကောင်းသော အလေ့အကျင့်ကို တည်ဆောက်မိသူသည် နိမ့်ကျသွားသည်။ ထို့ကြောင့် ကျွန်တော်တို့ကို ဘယ်လို အလေ့အကျင့်တွေက နောက်ကို ပြန်ဆွဲထားပါသလဲ။ ခေါင်းဆောင်အများသည် သူတို့ အမူအကျင့် အမှားအယွင်းများကို သူတို့ ဂရုမပြုမိကြပေ။
အဓိကအားဖြင့် ခေါင်းဆောင်ဖြစ်လာသည့်အခါတွင် သူတို့ဝန်းကျင်ရှိ လူအများသည် ဝေဖန်အကြံပြုခြင်းထက် မြှောက်ပင့်ခြင်းများကိုသာ လုပ်တတ်ကြသည်။ မြှောက်ပင့်ခြင်းတွင် သာယာတတ်သည်မှာ ကျွန်တော်တို့ အလေ့အကျင့်ပင် ဖြစ်သည်။
ကျွန်တော်တို့ ကလေးဘ၀က “၀လုံး ရေးတတ်ရင်တောင် ဒီကောင်လေး တော်လိုက်တာ” ဟူသော မြှောက်ပေးတာတွေရှိသည်။ ထိုမြှောက်ပေးသည်ကို သဘောကျသည်။ ကြီးလာတော့ ၀လုံးကို ၀ိုင်းအောင်မရေးသည့်အခါမှာလည်း အပြစ်ပြောကြသူများ မရှိတော့။ ဒီတော့ “ငါ့ဝလုံး အမြဲဝိုင်းတယ်” ဟု အထင်ရောက်လာကြတတ်သည်။ အလေ့အကျင့်သည် လူတွေအတါက် အင်မတန် အရေးပါသည်။ အလေးထားစရာပါပဲ။
ဝလုံး မ၀ိုင်းတော့တာလေးကို ပြင်ပေးမယ့်သူရှိရင် သိပ်ကောင်းမယ်..
ReplyDeleteဒါပေမယ့် သူများပြင်တာထက် ကိုယ်တိုင်ပြင်တာ အထိရောက်ဆုံးပဲ ..
self-knowledge is the beginning of self improvement ပဲပေါ့