ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Tuesday, November 15, 2011

လူ့ဘ၀ဆိုတာ.....................


             အခြေအနေအမျိုးမျိုး၊ ရပ်တည်မှုအဖုံဖုံနဲ့ ဆင်းရဲခြင်းအထွေထွေ၊ ချမ်းသာခြင်း သုခတွေ ပြည့်စုံသူတွေ၊ မပြည့်စုံသူတွေက လူ့လောကမှာ လက်ညှိုးထိုးမလွဲနိုင်ပေ။ လူရယ်လို့ ဖြစ်လာပြီးချိန်မှ လူ့သက်တမ်း ကုန်ဆုံးသွားသည့်တိုင်အောင် ရုန်းကန်လှုပ်ရှားမှုတွေ၊ ဆန္ဒရဲ့ကျေးကျွန်တွေအဖြစ်နဲ့ ရပ်တည်ခဲ့ရတဲ့သူချည်းပါပဲ။ အဲဒါကိုက ဘ၀ဆိုတာကို လူတိုင်းကလည်း လက်မခံကြသလို၊ တချို့တ၀က်ကလည်း အဲဒါကို ဘ၀လို့ ပြောနေကြတယ်။ ဘ၀တစ်ခုကို ဖြတ်သန်းချိန်မှာ အယူဝါဒတွေအပေါ်မှာ မူတည်ပြီး ကွဲလွဲချက်တွေ ရှိလာကြပေမယ့် ဘယ်သူမှ ကံဆိုတာကိုမရှောင်နိုင်ကြဘူး။ တကယ်တော့ ကံဆိုတာကို မမြင်နိုင်၊ မကြားနိုင်တဲ့ ပဟေဠိဖြစ်နေသော ပုစ္ဆာတစ်ပုဒ်သဖွယ် လူသားအားလုံး ပိုင်ဆိုင်ခဲ့ကြရတယ်။ အဲဒီလို ပိုင်ဆိုင်ခဲ့ရတာကို ကျေနပ်စွာ ဖြေရှင်းခဲ့တဲ့လူတွေ ရှိသလို မဖြေရှင်းနိုင်ခဲ့တဲ့လူတွေလည်းရှိကြတယ်။ ဒါပေမယ့် လူတိုင်းက ကံကို မယုံကြဘူး။ ဒါပေမယ့် အဲဒီလူတိုင်းကလည်း ကံစီမံတဲ့အတိုင်းပဲ နေသွားကြရတယ်။ အရမ်းထူးဆန်းလှတယ်။ မယုံကြည်တဲ့လူတွေက ကံစီမံရာကို ဘာကြောင့် မငြင်းနိုင်ခဲ့ကြတာလဲ။ သူတို့ကိုယ်တိုင်က မယုံဘူးဆိုတာ အကြွင်းမဲ့ယုံကြည်ချက်တစ်ခုဖြစ်နေတာကို လူတိုင်း မသိခဲ့ကြလို့ပါပဲ။ ဒါပေမယ့် လူတိုင်း ကံကို မရှောင်နိုင်ပေမယ့် ကြမ္မာဆိုတာကိုတော့ ရှောင်လို့ ရနိုင်ပါတယ်။ တကယ်တော့ ကြမ္မာဆိုတာ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်က ကိုယ့်ရဲ့ ကြမ္မာပါပဲ။ အဲဒီလိုအခါမှာ ကံရဲ့အလိုကျနဲ့ ကိုယ်လုပ်လိုက်တာနဲ့ အံဝင်ခွင်ကျမဖြစ်တဲ့အခါ ကံကြမ္မာက မျက်နှာသာ မပေးဘူးဆိုပြီး ဆင်ခြေပေးကြတယ်။ အားလုံးကို ပြန်စဉ်းစားကြည့်လိုက်ရင် ကံက မမြင်ရတဲ့နေရာကနေ ကိုယ့်ကို ကောင်းကျိုး၊ ဆိုးကျိုးကို စီမံပေးနေပေမယ့် ကိုယ့်ကြမ္မာကို ကိုယ်က ကောင်းအောင် မဖန်တီးနိုင်ခဲ့လေခြင်းတစ်ခုပဲ ဖြစ်လေတယ်။ ကိုယ့်ကြမ္မာကို ကိုယ်ကောင်းအောင် လုပ်ကြည့်ပါလား။ ကံကလည်း သူ့ဘာသာသူ မနေပါဘူး။ အလိုက်သင့်တော့ လိုက်ပါပေးနေမှာပဲလေ။ လွဲချော်မှုတွေချည်းပဲ ဖြစ်နေတယ်ဆိုတာ ကံက လုပ်နေတာ မဟုတ်ဘူး။ ကိုယ်က လုပ်နေတာချည်းပဲ။ ကိုယ်က မလွဲချော်အောင် အစကတည်းက လုပ်ခဲ့ရင် ကံကလည်း အလိုက်သင့် မီးစင်ကို ကြည့်ပြီး က ပေးနေမယ့် အတန်းအစားထဲမှာ ပါနေတယ်။ ဒါတွေကို နားလည်မှုတွေလွဲမှားကြတယ်။ ဘ၀ပေးကံက မကောင်းကြဘူး။ ကံကိုက ညံ့နေတာပါ ဆင်ခြေတွေ အမျိုးမျိုးနဲ့ လူတန်းစားတွေ မနည်းလှဘူး။ တကယ်တော့ ကံက မညံ့ပါဘူး။ သူ့ဟာသူ နေတတ်တဲ့ အတန်းအစားလေးပါ။ လူဆိုတဲ့ ဘ၀တူဖြစ်အောင် ဘုရားက ပေးလိုက်ပြီးပြီ။ ကျန်တာကတော့ ကိုယ့်အလုပ်၊ ကိုယ့်ကြမ္မာပဲပေါ့။ အဲဒါကတော့ ဘ၀ပဲ။ ဘ၀ဆိုတာကို နားလည်ချင်ရင် ကြမ္မာဆိုတဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဖြောင့်တန်းအောင် လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒါမှလည်း ဘ၀ဆိုတာကို နားလည်မယ်လို့ ထင်ပါတယ်။ ကိုယ်တိုင်ကတောင် ဘာမှ မသိပဲ လေကြီးလေကျယ်နဲ့ ငါက ဘ၀သမားပါကွာဆိုတဲ့ လူတွေကလည်း မနည်းဘူး။ သူတို့ကိုလည်း သိအောင် ပြောပြလိုက်ပါ။ ဘ၀ပေးကံက သူ့ဘာသာသူနေတာ။ ကိုယ်တိုင်က မကြိုးစားပဲ ကိုယ့်ကြမ္မာကိုတောင် ကိုယ်က ကောင်းအောင်မဖန်တီးနိုင်ပဲ ကံကိုချည်းပဲ အပြစ်ပုံချနေရင် ဘ၀ဆိုတာကိုလည်း ဘာမှန်း သိလိုက်ရမှာမဟုတ်ဘူး။ အချိန်တန်ရင် မြေကြီးထဲကိုပဲ ရောက်သွားကြရမှာ။ အဲဒီလို မြေကြီးထဲမရောက်ခင် ဖြတ်သန်းနေကြရတဲ့ဘ၀တွေကို ဘ၀မှန်းသိအောင် လူ့ဘ၀တစ်နေရာစာအနေနဲ့ ကျွန်ုပ်တွေးခေါ်မှုတချို့ကိုတင်ပြပါရစေ . . .။

No comments:

Post a Comment