ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

ယောနသံအကြောင်း

ယောနသံဆိုသည်မှာ ပင်လယ်စင်ရော်တစ်ကောင်ပင်ဖြစ်သည်။ သို့သော် သူသည် သာမန်ငှက်များနှင့် မတူပဲ တမူထူးခြားလှသည်။ သူ့ထံတွင် ထူးခြားသော အစွမ်းအစများရှိသည်။ ပင်ကိုယ်အစွမ်းအစများမဟုတ်ပဲ သူ၏ လေ့ကျက်မှုများဖြင့် ရရှိလာသော အတွေ့အကြုံများအပေါ်တွင် အခြေတည်ကာ အရည်အချင်းကောင်းများကို ပိုင်ဆိုင်လာသူဟုဆိုရလျှင် မမှားပေ။

သာမန်ငှက်များနှင့် အခြေခံအသွင်အပြင်မှာ တူလှသည်။ တောင်ပံတစ်စုံ၊ ခြေတစ်စုံ၊ စူးရှတဲ့ မျက်ဝန်းတစ်စုံ အားလုံးနီးပါး တူညီမှု ရှိသော်လည်း တမူထူးခြားသည့် အရည်အသွေးများမှာ သူများနဲ့မတူသည့် နှလုံးသားတစ်ခု၊ စဉ်းစားကွန့်မြူးတတ်သည့် ဥာဏ်ရည်၊ ထက်မြက်သည့်အတွေးအခေါ်၊ လုံ့လ၊ ဇွဲ၊ ၀ီရိယ၊ သတိ၊ အတ္တ၊ မာန်န အားလုံးကို ပိုင်ဆိုင်ထားပြန်သည်။

ငှက်တကာတို့ ပျံသန်းသည့် ပျံသန်းမှုမျိုးကို မနှစ်သက်ပေ။ သူတကာတို့ထက် အမြင့်ဆုံးကို ရောက်လိုသည့် ဆန္ဒကို ရင်ထဲမှာ ငယ်စဉ်ဘ၀ကတည်းက မွေးမြူထားခဲ့ပေသည်။ အမြင့်ဆုံးကိုရောက်ခဲ့ရင် ကြုံတွေ့ရမည့် မမြင်နိုင်သော အန္တရာယ်၊ ပရိယာယ်၊ မာယာအားလုံးကို ကြိုတွေးထားသည်။ ကြုံခဲ့ရသည့်တိုင် အကြိမ်ကြိမ် ကြိုးစားပြီး အမြင့်ဆုံးသို့ရောက်အောင် ပျံသန်းနိုင်ခဲ့သည်။ အမြင့်ဆုံးကို ရောက်သည့်အခါ မြင်တွေ့ရသည့် မြင်ကွင်း၊ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပြန်သည်။ သာမန် ဘ၀မျိုးတွင် မြင်တွေ့ရသည့် မြင်ကွင်းမျိုးမဟုတ်ပဲ အားလုံးရဲ့ အပေါ်စီးက မြင်တွေ့ရသလို အရာအားလုံးရဲ့ အခက်အခဲ၊ အတားအဆီး၊ အန္တရာယ်၊ မာယာ၊ ပရိယာယ်၊ ကျောက်ကျစ်မှု၊ ယုတ်မာခြင်း အစရှိသည့်အရာတွေကိုပါ မြင်တွေ့ခဲ့သည်။ ဘေးချင်းကပ်လျက်ဘ၀မျိုးမှာ မမြင်ခဲ့ရသည့် မြင်ကွင်းမျိုးကို အပေါ်စီးမှ မြင်တွေ့ခွင့်ရလာသည့်အခါ စိတ်ဓာတ်ကောင်းကို အခြေခံပြီး၊ ခိုင်မာသော နှလုံးရည်ဖြင့် အမျိုးတူဘ၀များ တိုးတက်လာအောင် စွမ်းဆောင်ခဲ့ပြန်သည်။

ငှက်တစ်ကောင်ရဲ့ အမြင့်ဆုံးပျံသန်းမှုဟာ လူတစ်ယောက်အတွက် မဆန်းပေမယ့် ဘ၀တူအသိုင်းအ၀န်းမှာတော့ ဆန်းကျယ်လှပေလိမ့်မည်။ သူဖြတ်သန်းရာ လမ်းတစ်လျှောက်၊ မြင်ကွင်းအဖုံဖုံ ပြောင်းလဲမှု၊ ပတ်ဝန်းကျင်ပြောင်းလဲမှုများမှ တွေ့ကြုံသိခွင့်ရသမျှကို သူလို ဘ၀တူ ငှက်များကို ပြန်လည်မျှဝေတတ်သည့် အမူအကျင့်များပိုင်ဆိုင်သော ယောနသံ...........

ထို့အတူ ဒီဝက်ဆိုဒ်လေးမှလည်း တွေ့ကြုံသိခွင့်ရခဲ့သမျှကို ပြန်လည် မျှဝေတင်ဆက်မည့် ယောနသံ မှတ်စုများကို တည်ဆောက်ခဲ့ပါသည်။
(ယောနသံစင်ရော်တစ်ကောင်ရဲ့ အကြောင်းကို အသေးစိတ်သိလိုပါက grand.yawnathan@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း...)


အခုချိန်မှာတော့............
ငှက်တစ်ကောင်မဟုတ်သော
လူ ယောနသံ