ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Thursday, September 29, 2011

တိုင်းပြည်ချစ်စိတ်အပြည့်နဲူ့ သခင်ကိုယ်တော်မှိုင်း




မြန်မာ့သမိုင်းရာဇ၀င်တွင် ကလောင်သွားဖြင့် အမျိုးဘာသာ၊ သာသနာနှင့် တိုင်းပြည်၊ လူမျိုးအပေါ်မှာ ချစ်ခင်မြတ်နိုးသူတစ်ယောက်အဖြစ် လေးစားထိုက်သူတစ်ယောက် ဖြစ်ခဲ့သည်။ သခင်ကိုယ်တောင်မှိုင်း၊ ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့် အစရှိသော ကလောင်နာမည်များဖြင့် မြန်မာစာပေပညာရှင်၊ ကဗျာဆရာ၊ ရာဇဝင်(သမိုင်း)ဆရာ၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး တိုက်ပွဲ ဝင် မျိုးချစ်စာရေးဆရာ၊ ငြိမ်းချမ်းရေး အကျိုးပြုသမား အဖြစ်ထင်ရှား ကျော်ကြားသူဖြစ်သည်။ ကလောင်အမည်အမျိုးမျိုးနှင့် ဆောင်းပါး၊ ကဗျာ မြောက်များစွာရေးသားခဲ့သည့်အနက် မစ္စတာမောင်မှိုင်း မှာပုံတော်၊ ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ သခင်ဋ္ဋီကာတို့မှာ အထူးထင်ရှားသည်။ သခင်ကိုယ်တော်မှိုင်းသည် သီပေါမင်းပါတော်မူကာ မန္တလေးပျက်သည်ကို သိမှီခဲ့သူဖြစ်သည်။ သက်ရှိထင်ရှားမရှိတော့သည့်တိုင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် မျိုးဆက် အဆက်ဆက်တို့ အားသြဇာလွှမ်းမိုးဆဲဖြစ်သည်။


သာမန် လှည်းသမားဖြစ်သူ ဖခင် ဦးစံထွန်းနှင့် အမိ ဒေါ်အုန်းတို့မှ ၁၂၃၇ခု တပေါင်းလပြည့်ကျော် (၁၄)ရက်၊ (၁၈၇၆ မတ်လ၂၃ရက်) ကြာသပတေးနေ့၌ ဖွားမြင်ခဲ့ပြီး ငယ်မည်မှာ မောင်လွန်းဖြစ်သည်။ ပြည်ခရိုင်၊ ရွှေတောင်မြို့တယ်၊ ၀ါးလယ်ရွာ ဇာတိဖြစ်သည်။ မွေးချင်း ၅ ယောက်အနက် ဒုတိယဖြစ်သည်။ မိခင်ဒေါ်အုန်းသည် အိမ်တွင်းလုပ်ငန်းများကို လုပ်ကိုင်ရင်း သားဖြစ်သူမောင်လွန်း အား စာရေး စာဖတ်သင်ကြားပေးခဲ့သည်။ ထို့နောက်မိဘများမှ ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီး ထံတွင်အပ်နှံပြီး ပညာသင်စေသည်။ မောင်လွန်းသည်ကျောင်းသားဘဝမှာပင် အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊ ပရိတ်ကြီး၊ သဒ္ဒါသဂြိုဟ် စသည်တို့ကို သင်ကြားတတ်မြောက်ခဲ့သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အသက် ၁၉ နှစ်တွင် ရန်ကုန်သို့ ရောက်လာပြီး စာစီ၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ သတင်းစာအယ်ဒီတာ အဖြစ်အဆင့်ဆင့်ရောက်ရှိခဲ့ပြီး သတင်းစာအယ်ဒီတာ ဖြစ်သည့်အချိန်တွင် ဆောင်းပါးများ စပြီးရေးခဲ့သည်။ ‘ရွှေတောင် မောင်လွမ်း’ဆိုသည့် ကလောင်နာမည်ကို ရှေ့ပိုင်းတွင် သုံးစွဲခဲ့သော်လည်း နောက်ပိုင်းတွင် အင်္ဂလိပ်ကို အထင်ကြီးပြီး ကိုယ့်နာမည်ရှေ့၌ မစ္စတာ တပ်သော ဗမာများကို စက်ဆုပ်သည့်အတွက် ထိုခေတ်က နာမည်ကြီးသော ဝန်စာရေးဦးကြီး၏ ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’ဝတ္ထုထဲမှ လူရှုပ်လူပွေ ဇာတ်ကောင် ‘မောင်မှိုင်း’၏ အရှေ့တွင် မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်း ဆိုသည့် ကလောင်အမည်ကို ပြောင်းလဲသုံးစွဲခဲ့သည်။ သခင်ကိုယ်တော်မှိုင်း ဆိုသည့်အမည်မှာ တို့ဗမာအစည်းအရုံးကို ဝင်ပြီး ထိုအသင်းကြီး၌ နာယက ဖြစ်လာသည့်နောက်ပိုင်း၌ တွင်ခဲ့သည့်အမည်ဖြစ်သည်။
သခင်ကိုယ်တော်မှိုင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး ပြည်တွင်းစစ်ကြီး မဖြစ်ပွါးရန် အမျိုးမျိုးကြိုးစားခဲ့သည်။ ၄င်းနောက် ပြည်တွင်စစ်ကြီး ဖြစ်ပွါပြီး ရက်သတ္တပတ် အကြာတွင် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် တို့ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ စက်တင်ဘာ၁၄ရက် နေ့တွင် ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်း သခင်စံထွန်းလှဇရပ်၌ အဖွဲ့အစည်း ပေါင်းစုံကိုယ်စားလှယ်များ၏ အစည်းအဝေးတစ်ရပ် ကျင်းပြပြုလုပ်ပြီး ၁၇ဦးကော်မတီ နိုင်ငံတော်အေးချမ်းသာယာရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
၁၉၄၈ဒီဇင်ဘာ ၂၅ရက်နေ့တွင် ရွှေတိဂုံစေတီတောင် ရာဟုဒေါင့် သံတန်ဆောင်းကြီး၌ ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း၁၀၀ကျော်မှ ဆရာတော်၃၀၀၀ခန့်၊ အခြားဘာသာပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များနှင့် လူထုပရိတ်သတ် ၂၀၀၀ကျော်တက်ရောက်သော ပြည်တွင်းငြိမ်းချမ်းရေး စည်းဝေးပွဲကြီးအားဦးစီး ကျင်းပခဲ့သည်။ ထို့နောက် ၁၉၅၁ခုနှစ်တွင် ပြည့်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ(People's Peace Front) ကိုဖွဲ့စည်းခဲ့ပြန်သည်။

၁၉၅၂ခုနှစ် မေလ ၁၀ရက်မှ ၁၄ရက်ထိ ဂျူဗလီဟောတွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(ဗမာနိုင်ငံ)၏ ပြည်လုံးကျွတ် ညီလာခံစင်မြင့်ပေါ်မှ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်များ ချမှတ်ပြီး မေလ၁၀ရက်နေ့တွင် ပြည်တွင်းစစ်ရပ်စဲရန် ပန်ကြားလွှာကို ထုတ်ပြန်ခဲ့သည်။ ၄င်းနောက် ၁၉၅၆ခုနှစ် ဖေဖေါ်ဝါရီလ၂၇ရက်နေ့မှ မတ်လကုန်အထိ အထက်မြန်မာပြည်တလွှားသို့ လှည့်လည်၍ ပြည်တွင်းငြိမ်းချမ်းရေး တရားများ လိုက်လံဟောပြောခဲ့သည်။ မတ်လ၃၁ရက်နေ့တွင် မန္တလေးအိမ်တော်ရာဘုရား ၁၄ခန်းဇရပ်ကြီး၌ လေးပြင်လေးရပ် ဆရာတော် ၁၄၃ပါးကို ပြည်တွင်းငြိမ်းချမ်းရေးပန်ကြးလွှာတစ်စောင် တင်ဆက်လျှောက်ထားပြီး သြဝါဒခံယူခဲ့သည်။
ထို့နောက်ပြည်တွင်းငြိမ်းချမ်းရေး ၈ဦးကော်မတီအားဖွဲ့စည်း၍ ၁၉၅၈ခုနှစ် မတ်လ၂၈ရက်နေ့တွင် တပြည်လုံးရှိ ခရိုင်မြို့နယ် အသီသီး၌ တပြိုင်နက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ သို့သော်၁၉၅၈တွင် အာဏာလွှဲပြောင်းမှုကြီး ပေါ်ပေါက်ခဲ့ပြီး ၈ဦးကော်မတီအားဖျက်သိမ်းပေးခဲ့ ရသည်။ ၁၉၆၀အရောက်တွင် ပြည်တွင်းငြိမ်းချမ်း ရေးနှိုးဆော်ရေးအဖွဲ့အား ထပ်မံဖွဲ့စည်းခဲ့ပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် သင်ပုန်းချေရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေတွေလက်ရာများတွင် ဗိုလ်ဋီကာ၊ သခင်ဋီကာ၊ ဒေါင်းဋီကာ၊ ဘွိုင်းကောက်ဋီကာ၊ ဂဠုန်ပျံဒီပနီဋီကာ စသည့် နိုင်ငံရေးသဘောတရားများ ပါရှိသော စာပေများပါဝင်သကဲ့သို့ ကဗျာလင်္ကာတွေ၊ ရာဇဝင်များလည်း ပါဝင်သည်။
၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။
၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။
၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။
၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ် ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့် မော်လမြိုင်မြို့ 'မြန်မာတိုင်း' သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသား ခဲ့သည်။ မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင် မောင်လွန်း အမည်ဖြင့် ၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ ၁၉ဝ၇ တွင် 'မော်လမြိုင် နတ်လမ်းညွှန်' ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သည်။
၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။
နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂ တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။
၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။
၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။
၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။
၁၉၂၃ 'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း' နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။
၁၉၂၈ - ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍ ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး ခဲ့သည်။ ၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ သတင်းစာ၌ 'ဂဠုန်ပျံ ဒီပနီ ဋီကာ' ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃ မှာ 'နေရှင်နယ်' မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။
၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။
၁၉၃၄ ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။
၁၉၃၅၊ ဒီဇင်ဘာလထုတ် 'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။
၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် - ဝါဆို) မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ ဗမာ အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။
၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။
၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။ ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် 'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။
၁၉၄ဝ၊ ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။
၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် (၁) အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။
၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။
၁၉၄၄ - ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။
၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။
၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်။
၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ တက်ရောက်သည်။ မေလ ၁ဝ - ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့သည်။
၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။
၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ ၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။
၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။
၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။

၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။


၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။

၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။
၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။
ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။
ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။
သခင်ကိုယ်တော်မှိုင်း၏ရုပ်ကလပ်ကို နေထိုင်ရာ စမ်းချောင်း၊ ချမ်းသာလမ်းရှိ နေအိမ်မှ အစိုးရဆောက်လုပ်ပေးသည့် စမ်းချောင်းပုဒမ္မာကွင်းရှိ မဏ္ဍတ်သို့ ဇူလိုင်၂၉ တွင်ရွှေ့ပြောင်းခဲ့သည်။ ထိုမဏ္ဍတ်အတွင်းတွင် သူ၏ အသုံးအဆောင်ပစ္စည်းများအား ပြခန်းသဖွယ်ပြသာထားခဲ့သည်။ နေ့လည်၂နာရီတွင် ပုဒမ္မာကွင်းမှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင်ပန်းခြံသို့ လူထုပရိတ်သတ်ထောင်ပေါင်းများစွာ လိုက်လံပို့ဆောင်ကြပြီး ဂူသွင်းမြှပ်နှံခဲ့သည်။
၁၉၇၆ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝဝ ပြည့် အမှတ်တရလုပ်ရန် ကြိုးစားသူ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်တုန်းတွင် သခင်ကိုယ်တော်မှိုင်း အသက် ၁၂ဝ ပြည့် အမှတ်တရ ထုတ်ဝေသော စာအုပ်မှာလည်း ဆရာကြီး၏ပုံကို စာအုပ်မျက်နှာဖုံးများ ဖော်ပြခွင့် မရခဲ့ချေ။ ထိုအပြင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဆရာကြီး၏ ဂူဗိမာန်ကို ဝင်ခွင့်မပေးတော့သည့်အတွက် အများသူငါ သွားရောက်ဂါရဝပြုခွင့်မရသည်မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။ စာပေလက်ရာများတွင် ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဘာသာရေးစာအုပ်မှလွဲ၍ အခြားစာအုပ်များ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိချေ။ 


ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို လေးစားသောအားဖြင့် လန်ဒန်တိုင်းမ်စ် သတင်းစာတွင် အထ္ထုပ္ပတိအပြည့်အစုံကို ဖော်ပြခဲ့ဖူးသည်။
စစ်စစ် ဗြိတိသျှအင်ပါယာဝါဒ မျက်စိနှင့်ကြည့်လျှင် သခင်ကိုယ်တော်မှိုင်းသည် အင်ပိုင်ယာ နယ်ချဲ့ သမားတို့၏ အဓိ ကရန်သူ ဖြစ်ပေသည်။ သို့ပါလျက်နှင့် လန်ဒန်တိုင်းသည် သခင်ကိုယ်တော်မှိုင်းကို ရန်သူကဲ့သို့မကြည့်၊ မျိုးချစ်စာပေ ပညာရှင်တဦးကဲ့သို့သာမြင်သည်။ ဤအမြင်ဖြင့် ရေးသားခြင်းသည် အရေးခံရသူကို ဂုဏ်ပြုသည်နှင့်အမျှ ရေးသူကို လည်း ဂုဏ်တက်စေသည်။ ကျနော်လေ့လာ ကြည့်၍ရသမျှနှင့် ပြောရမည်ဆိုပါက မြန်မာခေါင်းဆောင်တို့တွင် ဤကဲ့ သို့ ရေးသားဂုဏ်ပြုခံရသူမှာ သခင်ကိုယ်တော်မှိုင်းသာလျှင် အာဒိ (ရှေးဦး) ပုဂ္ဂိုလ်ဖြစ်သည်။
လန်ဒန်တိုင်းသတင်းစာတွင် ဖော်ပြခဲ့သော ရက်စွဲမှာ ၁၉၆၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့ဖြစ်သည်။ 


မှတ်ချက်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီ အာဏာရလာပြီး ၁၉၆၃နိုဝင်ဘာတွင် အစိုးရနှင့်တောခိုအဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်သွားသည် သာမက နောက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ပါ ဖျက်သိမ်းခြင်းခံရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပျက်သွားချိန်မှစ၍ စိတ်ထိခိုက်ကာ အင်အားချိနဲ့ လာခဲ့သည်။ သို့သော် အဖွဲ့ဖျက်သိမ်းခံရသည့်အကြောင်းအား တပည့်၊သား၊မြေးများမှ ဖုံးဖိထားခဲ့ကြသည်။ တနေ့တွင် ကွမ်းသီးထုတ်အား ပတ်ထားသည့် သတင်းစာစက္ကူမှ ထိုသတင်းအားသိရှိသွားကာ "တိုင်းပြည်တော့ပိုဆိုးတော့မှာပဲ" ဟုဆိုပြီး အိပ်ယာထဲလဲသွားသည်။ ၁၉၆၄ခုနှစ်ဇူလိုင်၂၂တွင် သတိမရှိတော့ပဲ ၂၃ရက်နေ့နံနက်၁နာရီ အချိန်တွင် ကွန်လွန်အနိစ္စရောက်သွား ခဲ့သည်။ ကွန်လွန်ချိန်တွင် အသက်၈၉နှစ် ရှိပြီဖြစ်သည်။

No comments:

Post a Comment