တနေ့သ၌ ကျွန်ုပ်နှင့် အသက်တူရွယ်တူ တစ်ယောက် စကားပြောနေရင်းမှ ကျွန်ုပ်အား ထိခိုက်ပုတ်ခတ်သော စကားလုံးများ ပါလာခဲ့သည်။ ဘောင်မရှိသော စကားများကို သုံးလာခဲ့သည်။ ကျွန်ုပ်မှ ထိုသူအား ထိုသို့မပြောရန်နှင့် နောက်နောက် လူအများကို မည်သို့မည်ပုံ ပြောဆိုရမည်ကို ပြန်လည် လမ်းညွှန်ခဲ့သည်။ ကျွန်ုပ်သူငယ်ချင်းမှ ထိုသူအား ဒေါသထွက်ကာ ရိုက်မည်ပုတ်မည်ဖြစ်ကုန်သည်။ ဒီလိုနဲ့ လူစုခွဲအား အိမ်ပြန်ခဲ့ကြသည်။ ကျွန်ုပ်သူငယ်ချင်းက ကျွန်ုပ်အား အဘယ်ကြောင့် တုံ့ပြန်မှုမပြုဘဲ ထိုသူအား ခွင့်လွှတ်ခြင်းများနှင့်အတူ လမ်းမှန်ကို ညွှန်ကြားခဲ့ရသနည်းတဲ့ မေးလာခဲ့သည်။ ကျွန်ုပ်မှ သူငယ်ချင်းအား ရှင်းပြခဲ့ရသည်။ ထိုသူသည် အသက်အားဖြင့် ကြီးရင့်ပြီဖြစ်သော်လည်း အသိစိတ်ဓာတ်အားဖြင့် ငယ်လွန်းနေတယ်။ သူ့အား သနားဖြင့် ခွင့်လွှတ်ပြီး တည့်မတ်ပေးခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုပြီး ကျွန်ုပ်ကြုံတွေ့ခဲ့ရဖူးသော ကိုယ်တွေ့ဇာတ်လမ်းလေးကို ပြောပြနေခဲ့မိပါတော့သည်။
လွန်ခဲ့သော ၆ နှစ်ခန့်ကဖြစ်သည်။ အချိန်ကား နံနက်ခင်း ဝေလီဝေလင်း ၆ နာရီခွဲ ပတ်ဝန်းကျင်ခန့်။ ငှက်သံတချို့နဲ့ လူသံတချို့၊ ကားသံတချို့သာ ကြားရသေးသည်။ ဆူဆူညံညံအသံများ လျော့ပါးနေချိန်လည်း ဖြစ်၏။ နံနက်ခင်း၏ မှုန်ဝါးဝါးမြင်ကွင်းတွေကြားမှ ကျွန်ုပ်အလုပ်သွားဖို့ရန် Admiraty ရထားဘူတာသို့ လမ်းလျှောက် ထွက်လာခဲ့ပါတော့သည်။ သိပ်ဝေးလွန်းလှသည်တော့မဟုတ်ပေ။ ၁၃ မိနစ်ခန့်လောက် လမ်းလျှောက်ရသည်။
လမ်းခုလပ်တနေရာအရောက်တွင် လမ်းချိုးတစ်ခုမှ ထွက်လာသော စင်ကာပူတရုတ်လူမျိုး ယောက်ျားကြီးတစ်ယောက်က သူ၏ ၃ နှစ်ခန့်ရှိသော သမီးလေးကို လက်ဆွဲကာ လမ်းလျှောက်လာသည်။ ကျွန်ုပ်၏ အရှေ့ဘက် လမ်းချိုးမှ ထွက်လာသဖြင့် ကျွန်ုပ်သည် သူတို့အား ကောင်းစွာ မြင်နေရသည်။ အလားတူပင် တခြားတစ်ဘက် မျက်နှာချင်းဆိုင်မှ အမေရိကန်လူမျိုးဟု ယူဆရသော အမျိုးသမီးတစ်ယောက် ၄ နှစ်ခန့်ရှိသော ကလေးယောက်ျားလေးတစ်ယောက်ကို လက်ဆွဲကို လမ်းလျှောက်လာကြသည်ကို မြင်ရပြန်သည်။ ဒီလိုမျိုးတွေက နေ့စဉ် အလုပ်သွား အလုပ်ပြန် မြင်ကွင်းတွေပဲလေဟု ခပ်ရိုးရိုးသာ တွေးရင်း ရထားအချိန်မှီအောင် ခပ်သုတ်သုတ်လေး လမ်းလျှောက်လာခဲ့သည်။
သို့သော် ကျွန်ုပ်၏ မြင်ကွင်းထဲတွင် ကလေးနှစ်ယောက်သည် မျက်နှာချင်းဆိုင် အနေအထားမှ ဘေးချင်းယှဉ်လျက် အနေအထားသို့ ရောက်လာသည့်အခါ အမျိုးသမီးလက်ဆွဲလာသော ကလေးက အမျိုးသားကြီး လက်ဆွဲလာသော ကလေးမလေးကို ခေါင်းခေါက်ပြီး လှမ်းစလိုက်သည်။ ကလေးမလေးက မကျေမနပ်နဲ့ ကောင်လေးကို လှည့်ကြည့်သည်။ ကောင်လေးကလည်း လျှာကလေး ထုတ်ပြသွားသည်။ မိဘနှစ်ယောက်လုံးကတော့ မသိလိုက် မမြင်လိုက်ပုံ မရကြပါ။ သို့သော် ကျွန်ုပ်အနေဖြင့် ထင်ထင်ရှားရှား မြင်တွေ့လိုက်ရသည်။ ကိုယ်ကလည်းကိုယ့်ဇောနဲ့ကိုယ်မို့ အလုပ်သွားဖို့သာ အာရုံထားရင် လမ်းကို ပုံမှန်လေး ဆက်လျှောက်လာခဲ့ရာ အစခံလိုက်ရသည့် သားအဖနဲ့ မလှမ်းမကမ်းသို့ ရောက်လာခဲ့သည်။ မနီးလွန်း မဝေးလွန်းသဖြင့် စကားပြောသံများကို ကြားနေရသည့် အနေအထားဖြစ်သည်။
ထိုအချိန်တွင် ကလေးမလေးက သူ့အဖေကို တိုင်ကြားသံကို ကျွန်ုပ်ကြားလိုက်ရသည်။
``ဖေဖေ သူ သမီးခေါင်းကို ခေါက်သွားတယ်……. အခု သမီးနာနေတယ်`` လို့ သူ့အဖေကို တိုင်ကြားရင် လက်ကလေး ညွှန်ပြတယ်။ သူ့အဖေက လက်ညွှန်ရာကို ကြည့်လိုက်တော့ အခုနက သားအမိကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ အမျိုးသားကြီးက သူ့သမီးကို အသာကလေး ပွေ့ချီပြီး
``သမီးရယ် သူု့ကို ခွင့်လွှတ်လိုက်ပါ…. သူက သမီးထက် ငယ်လို့ အဲလို လုပ်တာပေါ့……… သမီးထက်ကြီးရင် သမီးကို နာအောင် သူဘယ်လုပ်ပါ့မလဲ`` တဲ့။ ကျွန်ုပ် ဒီစကားသံတွေကို ကြားလိုက်ရတော့ ရင်ထဲမှာ အသိတရားတစ်ခု ရသွားတယ်။
တကယ်ဆိုရင် အသက်အရွယ်ချင်း ယှဉ်ကြည့်လိုက်ရင် ကောင်ကလေးရဲ့ အသက်က ပိုလို့ပင် ကြီးသေးသည်။ ကလေးမလေးက လမ်းလျှောက်တတ်ကာစ အရွယ်။ သူ့အဖေ ဆုံးမတဲ့ စကားက အသက်အရွယ် သတ်မှတ်ချက်ဖြင့် တိုင်းတာသွားခြင်း မဟုတ်ပဲ အသိစိတ်ဓာတ် အကြီးအငယ်ကို ဆုံးမသွားတယ်။ လောကကြီးမှာ အသက်အရွယ်သည် သတ်မှတ်ထားသော အပိုင်းအခြားတစ်ခုသာ ဖြစ်ပေသည်။ အသိစိတ်ဓာတ်မူကား အသက်အရွယ်ကဲ့သို့ သတ်မှတ်လို့လည်း မရ။ ပိုင်းခြားလို့လည်း မရပေ။ သို့သော် အသက်ကြီးတိုင်း အသိစိတ်မကြီးနိုင်ပေ။ အသိစိတ်ကြီးတိုင်းလည်း အသက်ကြီးသူ မဟုတ်ပေ။ အသက်အရွယ်သည် ပဓာနမကျပဲ အသိစိတ်ဓာတ်နဲ့ ကိုယ်ချင်းစာနာစိတ် အတိမ်အနက်၊ ရင့်ကျက်မှုကသာလျှင် လူ့ဘောင်လောကနဲ့ လူ့ပတ်ဝန်းကျင်မှာ သဟဇာတ ဖြစ်နိုင်ပေလိမ့်ဟုသာ………………………………

No comments:
Post a Comment