အချစ်ရဲ့ အခြားတစ်ဖက်မှာ အမုန်းတဲ့
မေတ္တာရဲ့ အခြားတစ်ဖက်မှာကျတော့ ဥပေက္ခာတဲ့
သံယောဇဉ်ရဲ့ အခြားတစ်ဖက်မှာကျတော့ ဒုက္ခတဲ့
မာန် မာန ဆိုတာ ရှိနေသရွေ့ အတ္တကိုတော့ လုံးဝ မပစ်ပယ်နိုင်ပါဘူး . . .
အာဃာတဆိုတာကို လက်ကိုင်ထားသရွှေ့ ဒေါသကို ဖက်တွယ်ဆဲပဲ
ကမ္ဘာလောကဓာတ်ကိုက ဆန့်ကျင်ဘက်တွေနဲ့ ဖွဲ့စည်းထားတာပဲလေ
ဆန့်ကျင်ဘက်ဆိုတာ မရှိခဲ့ရင် ရုပ်ဝတ္ထုတွေ ဖြစ်တည်နိုင်ဖို့ ခက်ခဲသွားနိုင်တယ်
ဒါတွေကလည်း တကယ်တော့ ကိုယ့်အတွက်ကိုချည်းပဲ ကြည့်တဲ့ လူသားတွေအတွက်ပဲနေမှာပေါ့ ကိုယ်ကျိုးအတွက်ကိုမကြည့်ပဲ ပေးဆပ်သူတို့ နှလုံးသားကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင် တရားသဘောဆန်ပြီး ဂန္တ၀င်မြောက်တဲ့အချစ်ကို ပိုင်ဆိုင်ရမယ်လို့ ယုံကြည်ပါတယ်။ သူ့အတွက်ဆိုရင် အပြစ်ကို ခွင့်လွှတ်တတ်တဲ့စိတ်ကလေး ကိုယ့်မှာရှိရင် ဒေါသဟာ ချုပ်ငြိမ်းသွားတယ်။ အဲဒီတော့ အာဃာတဆိုတာလည်း ဖြစ်မလာတော့ဘူးလေ။
သူ့အတွက်ဆိုတာကို စပြီးကိုယ်က ကြည့်ကတည်းက အတ္တကပြုတ်နေပြီ။ ဒီတော့ မာန် မာနတွေမရှိတော့ဘူးပေါ့။ သူ့ကို မြင်တွေ့နေရင်ကိုပဲ စိတ်ချမ်းသာနေပြီ။
မမြင်ရပေမယ့်လည်း သူ့အသံလေးကြားရရင် စိတ်ချမ်းသာပြီ။ ဘာသတင်းမှမကြားရင်တောင်မှ ပြန်တွေ့မယ့်နေ့ကို မျှော်လင့်ပြီး ပျော်တတ်နေရင် စိတ်ချမ်းသာပြီလေ။ စိတ်ရဲ့ ချမ်းသာခြင်းကို ရနေမှတော့ ဒုက္ခမဟုတ်တော့ဘူး။ သုခဖြစ်သွားတယ်။ အဲဒီတော့ သံယောဇဉ်ဆိုတာပိုပြီး ခိုင်မာသွားတာပေါ့။
အချိန်ကြာကြာခိုင်မြဲအောင် တည်ဆောက်နိုင်လေလေ ဥပေက္ခာတရားတွေ ခန်းခြောက်လေလေပါပဲ။ ဥပေက္ခာ မရှိမှ မေတ္တာက အသက်ဝင်လာတာ။ မေတ္တာရှိနေတော့ အမုန်းဆိုတာ အဝေးကြီးကို ရောက်သွားတယ်။ အဲဒီတော့ လိုချင်တဲ့ အချစ်ဆိုတာကို ဘယ်သူမဆို ရရှိလာမှာပါလို့ တရားသဘောဖြင့် ချစ်ခြင်းကို အစပြုကြမယ်လေ။ ပေးဆပ်သူလို့ ခံယူထားသူများအတွက်တော့ ဒီအချစ်က လုံလောက်သော အချစ်တစ်ခုပဲလို့ ယူဆမိပါတော့တယ်............။

No comments:
Post a Comment