ကိုယ်က အရမ်းချစ်မိခဲ့တယ်။ သူက ဂရုတောင်မစိုက်ဘူး။ ကိုယ်က ချစ်နေမှန်းကို သူကသိတယ်။ ဒါပေမယ့် အရေးမလုပ်ဘူး။ သူနေတတ်သလို နေထိုင်ပေမယ့် သူ့ရဲ့လုပ်ရပ်တွေက ကိုယ့်နှလုံးကို လာရောက်ထိခိုက်စေတယ်။ နာကျည်းမှုတွေကို ဖန်တီးပေးတယ်။ တကယ်တော့ ကိုယ်ကပဲ အသုံးမကျတာလား။ ခံစားလွယ်သူတစ်ယောက် ဖြစ်တာလား။ သူကပဲ မနေတတ်တာလား မဖြေတတ်တော့ဘူး။ ဒါပေမယ့် သိပ်ချစ်တယ်ဆိုတဲ့ စကားလုံးပဲ ရင်မှာကျန်ရစ်တယ်။ ကိုယ့်ဘက်ကချစ်ခြင်းဟာ သူ့အတွက် မနစ်နာလေအောင် အနေအထိုင်ဆင်ခြင်ပေမယ့် သူက ကိုယ့်အတွက်ဆိုရင် ဘာကိုမှ ဂရုမစိုက်တဲ့ နေထိုင်မှုမျိုးတွေက များလာတယ်။ ဒီတော့ တဖြည်းဖြည်းနဲ့ ရင်ထဲက နာကျင်ခြင်းတွေဝေဒနာတွေက ကြီးစိုးလာတယ်။ နောက်ဆုံးမှာ ရင်ထဲက အစိုင်အခဲကို ဖြေဖျောက်နိုင်ဖို့ အခွင့်အရေးတွေ နည်းပါးလာတယ်။ နောက်တော့ သူ့ကို ကိုယ်မြင်ကွင်းထဲက ထုတ်ပစ်လိုက်ကြည့်တယ်။ ဒါပေမယ့် သူက ကိုယ့်မြင်ကွင်းမှာ အမြဲတမ်း မြင်နေရတာကြောင့် ထုတ်ပစ်လို့မရဘူး။ ဒီတော့ သူ့မြင်ကွင်းထဲက ကိုယ်ထွက်သွားတာ အကောင်းဆုံးပဲလို့ ယူဆမိတယ်။ အဲဒီအတိုင်းပဲ ထွက်သွားပြီးတဲ့နောက်မှာ မေ့နိုင်အောင်ပါ တဆက်တည်း ကြိုးစားကြည့်တယ်။ မေ့လို့မရဘူး။ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ မေ့နိုင်အောင် ကြိုးစားရင် အလွမ်းရယ် မရပ်တန့်နိုင်ခဲ့ဘူး။ လွမ်းစရာရှိရင် နာစရာနဲ့ဖြေတဲ့ စကားရှိတယ်။ နာကျည်းစေမယ့် အချက်တွေရှာပြီး မုန်းမေ့ဖို့ ကြိုးစားခဲ့တယ်။ မမေ့နိုင်ပေမယ့် ရင်ထဲမှာ အမုန်းတရားနှင့် ချစ်ခြင်းကို ရောထွေးစွာ ခံစားရတယ်။ တကယ်တော့ ချစ်နေတယ်ဆိုတာကလည်း နှလုံးသားမှာ နေရာယူနိုင်သလို အမုန်းတရားဆိုတာကလည်း နှလုံးသားမှာ နေရာယူခဲ့သူပဲလေ။ ဒါကြောင့် အစကတည်းက မုန်းမိလေခြင်းလား၊ ချစ်ခြင်းကို အမုန်းနဲ့ မဝေခွဲနိုင်ခဲ့ခြင်းလား၊ ကိုယ်တိုင်မေးခွန်းတွေ အထပ်ထပ်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။ တကယ်တော့ အစကတည်းက သူမချစ်နိုင်မှန်းသိခဲ့လို့ မုန်းနိုင်အောင် ကြိုးစားခဲ့ရသူပါ။ သြော် …… အမုန်းဆိုတာ မေ့လို့မရတဲ့ ချစ်ခြင်းတစ်ခုပါလား………….။
No comments:
Post a Comment