ဝေဖန်ရေးသမားအများစုသည် ဘေးထိုင်ဘိုင်ကျ ဘုပြောသူများဖြစ်ကြသည်။
အမှန်တကယ်လည်း ကိုယ်က မလုပ်နိုင်ဘူး။ သူများလုပ်တာကိုလည်း ထိုင်ပြီး ဝေဖန်တယ်။
မြန်မာရှေးစကားပုံလေးတစ်ခုလိုပဲပေါ့ . . . “အရိုးများတယ်၊ ချေးခါးတယ်”
ဆိုသလိုဖြစ်နေတယ်။ လုပ်ခိုင်းပြန်တော့လည်း မလုပ်တတ်ဘူး။ မလုပ်နဲ့ဆိုတော့လည်း
လုပ်ချင်တယ်။ အဲဒီလို လူစားမျိုးတွေပါ။ ဒါပေမယ့် တိုင်းပြည်တစ်ပြည်အနေနဲ့ဆိုရင်
ဒီလို ဝေဖန်ရေးသမားဟာလည်း မရှိမဖြစ်
လိုအပ်ပါသည်။
ဝေဖန်ရေးသမားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်လည်း သူတကာထက် အရာအားလုံးကို
နှိုက်နှိုက်ချွတ်ချွတ်သိနေရမည်။ ဘာကြောင့်လဲဆိုသော မေးခွန်းတွေအတွက်လည်း
အဖြေအဆင်သင့်ထားရှိနိုင်ရမည်။ ကိုယ့်ဘက်ကို ပြန်လည် ဝေဖန်ရင်လည်း အကျိုးအကြောင်းသင့်မြတ်စွာနဲ့
ပြန်လည်ချေပနိုင်မည်။ အခြေအမြစ်မရှိသော အကြောင်းပြချက်များနှင့်
ပြန်လည်ချေပခြင်းမျိုးသည် ဝေဖန်ရေးသမားတစ်ယောက်၏ အရည်အချင်းကောင်းများ မဟုတ်ပေ။
ဝေဖန်ရေးသမားအများစုသည် မဖြစ်ခင်က ဝေဖန်ရေးလုပ်ကြပြီး၊ ဖြစ်ပြီးသွားချိန်မှာလည်း
ဝေဖန်ကြပြန်သည်။ ဝေဖန်ခြင်းဆိုသည်မှာ ကောင်းသောအခြင်းအရာများ မဟုတ်သော်လည်း
တိုးတက်ကြီးပွားစေခြင်း အလို့ငှာ ဝေဖန်သူများ ဖြစ်ကြလျှင် ဝေဖန်ရေးသမား စစ်မည်ဟု
ထင်ပါသည်။ တစ်ခုကို ဝေဖန်လိုက်ပြီးလျှင် နောက်ဖြစ်လာလတ္တံ့သော အကျိုးဆက်၏
ကောင်းခြင်း ဆိုးခြင်းကိုလည်း ကြိုတင်မှန်းဆပြီးသား ဖြစ်ရပါမည်။ သို့အတွက်ကြောင့်
ဝေဖန်ရေးသမားကောင်းဖြစ်ဖို့ရန် အကောင်းဘက်သို့ ဦးတည်ပြောင်းလဲခြင်းမျိုးအတွက်
ဝေဖန်ခြင်းသည်သာလျှင် ပိုမိုသင့်လျော်မည်ဟု ထင်မိပါသည်။ သို့မှသာ ဝေဖန်ရေးသမားကောင်းများ
ဖြစ်ကြပေလိမ့်မည်ဟု ကျွန်ုပ်အနေဖြင့် ယူဆမိလေတော့သည်။
No comments:
Post a Comment