မိမိမွေးဖွားရှင်သန်ရာ နိုင်ငံ၏အကြောင်းအရာများကို
စိတ်ပါဝင်စားသူတိုင်းသည် နိုင်ငံရေးသမားဟု မခေါ်ဆိုနိုင်ကြသေးပေ။ ကျွန်တော်တို့
မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေးသမားဟု ခံယူသူအများအပြား ရှိကြ၏။ သို့သော်
ထိုသူတို့ကိုယ်တိုင် နိုင်ငံရေးသမားဆိုတာ ဘာလဲလို့ အသေအချာ မပြောပြနိုင်ကြပေ။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးသမားဟူသော ဘွဲ့တစ်လုံးကို
ခံယူထားကြသူများလည်း ရှိကြသလို အနေအစားချောင်လည်အောင်
နိုင်ငံရေးသမားလုပ်နေကြသူများလည်း ပေါများလှပါ၏။ သို့သော် နိုင်ငံရေးဆိုတာ ဘယ်လို
ပုံသဏ္ဍာန်ရှိမှန်းကိုပင် အသေအချာ မသိကြရှာပေ။ နိုင်ငံရေးသမားများကို အကြမ်းဖျဉ်းအရ
အမျိုးအစားခွဲခြားရလျှင် (၂) မျိုး ခွဲခြားနိုင်ပါသည်။ နိုင်ငံအပေါ်
အပြုသဘောဖြင့်
နိုင်ငံ့အကျိုးကို ရှေးရှုလုပ်ဆောင်သော နိုင်ငံရေးသမားနှင့် နိုင်ငံတော်အပေါ်
အဖျက်သဘောမျိုးဖြင့် လုပ်ဆောင်သော နိုင်ငံရေးသမားဟူ၍ (၂) မျိုးခွဲခြား နိုင်ပါသည်။
နိုင်ငံအပေါ် အပြုသဘောဖြင့် နိုင်ငံ့အကျိုးကို ရှေးရှုလုပ်ဆောင်သော
နိုင်ငံရေးသမားများကို ကျွန်ုပ်တို့တိုင်းပြည်အတွင်းမှာ လက်ချောင်းချိုး၍
ရေတွက်လို့ ရနိုင်သည်။ နိုင်ငံအပေါ် အဖျက်သဘောဖြင့် နိုင်ငံရေးသမားအဖြစ်
ခံယူထားသူများသည် အများဆုံးဖြစ်သည်။ ဂဃနဏ မသိဘဲ နိုင်ငံရေးသမား ဖြစ်လာကြသည်ကိုပင်
ဂုဏ်ယူနေတတ်ကြသည်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံအတွင်းမှာ
နိုင်ငံရေးလုပ်နေကြသော နိုင်ငံရေးသမားအများစုသည် အထက်ပါ အမျိုးအစားများတွင်
မပါဝင်ကြဘဲ ပုဂ္ဂိုလ်စွဲဝါဒဖြင့် နိုင်ငံရေးလုပ်ဆောင်သူက ပိုများကြပါသည်။
နိုင်ငံရေးသမားဟု ခံယူထားကြလျှင် ပုဂ္ဂိုလ်စွဲမထားသင့်ကြပဲ အမှန်တကယ်
နိုင်ငံတော်အတွက်တစ်ခုတည်းကိုသာ ရှေးရှုပြီး ကောင်းကျိုးများ ဖြစ်ထွန်းအောင်သာ
ဆောင်ရွက်သင့်ပါသည်။ အပေအတေသဘောမျိုးဖြင့် နိုင်ငံရေးသမားဟု ခံယူထားသူများသည်
ကလေကချေ အောက်တန်းစား နိုင်ငံရေးသမားများသာ ဖြစ်သည်ဟု ထင်ပါသည်။ အမှန်စင်စင်
နိုင်ငံရေးသမားကောင်းတစ်ယောက်သည် တိုင်းပြည်မနစ်နာအောင်၊ ပြည်သူအကျိုးရှိအောင်၊
နိုင်ငံတိုးတက်အောင် အစရှိသဖြင့် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ပြီး
ပြောသင့်ပြောထိုက်သည်ကို လေးနက်မှန်ကန်အောင် ပြောဆို လုပ်ဆောင်တတ်ကြပါသည်။ အမှန်တကယ်
နိုင်ငံရေးလုပ်ချင်သူများသည် နိုင်ငံရေးသမားကောင်းများဖြစ်ကြစေရန်နှင့်
ပုဂ္ဂိုလ်စွဲဝါဒများကို စွန့်လွှတ်ကြပြီး နိုင်ငံတော်အတွက် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ
လုပ်ဆောင်ခြင်းသည်သာလျှင် နိုင်ငံရေးသမားကောင်း ဖြစ်ပေတော့မည်ဟု ကျွန်ုပ်အနေဖြင့်
သုံးသပ်မိလေတော့သည်။
No comments:
Post a Comment