တနေ့သ၌ ကျွန်ုပ်သည် အလုပ်မှ ပြန်လာခိုက် အနားယူရင်း ကွန်ပျူတာရှေ့တွင် သီချင်းနားထောင်ကာ အီးမေးလ်စစ်နေပါသည်။ ထိုအချိန်တွင် ငယ်ငယ်တုန်းက သူငယ်ချင်း ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်မှ ဂျီတော့ခ်ထဲတွင် စကားပြောလာပါသည်။ နိုင်ငံရပ်ခြားတွင် ရောက်နေသော သူငယ်ချင်းလည်း ဖြစ်သဖြင့် အဆင်ပြေလား အစရှိသဖြင့် အလာပ သလာပ စကားများကို ပြောနေခဲ့မိသည်။ သူငယ်ချင်းမှလည်း အကျွန်ုပ်အား စိတ်ရှုပ်နေကြောင်း ပြောပြသည်။ အဘယ်အကြောင်းကြောင့် စိတ်ရှုပ်သည်ဟု ကျွန်ုပ်အား မပြောပြခဲ့ပေ။ သို့ပေသော်လည်း အစကတည်းက မနေတတ် မထိုင်တတ်သူ ပီပီ ထိုသူငယ်ချင်းအား စိတ်ရှုပ်ခြင်း ကင်းဝေးအောင် ကျွန်ုပ်မှ အားပေးစကားနှင့် စကားစမြည်များကို ပြောဆိုနေခဲ့ရာမှ ဗဟုသုတလေးတချို့ကို ဝေငှချင်စိတ်ပေါ်လာမိသည်။ အဲဒါနဲ့ ထိုသူငယ်ချင်းကို သိသလောက် မှတ်သလောက်လေးများကို ပြောပြနေခဲ့မိသည်။
သူငယ်ချင်းရေ ………………
အခုလို စိတ်ရှုပ်နေရင်တော့ ဘုရားကိုသာ ရှိခိုးပါကွာ။ နိုင်ငံရပ်ခြားရောက်နေသူအတွက် ဘုရားရှိခိုးခြင်းဟာ အကောင်းဆုံးပါပဲ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်က ရပ်တည်နေရချိန်မှာ ဘုရားမှ တပါး အခြားသောသူ ကိုယ့်ဘက်မှာ မရှိပါဘူးကွာ။ နောက်ပြီး ညအိပ်ယာဝင်တဲ့အခါမှာ မျက်နှာပေါ်မှာရှိတဲ့ တင်းထားတဲ့ အကြောတွေကို ဖြေလျော့လိုက်ပါကွာ။ မျက်နှာကနေ လည်ပင်း၊ ရင်ဘတ်၊ ခါး၊ ခါးအောက်ပိုင်းအထိ အကြောတွေကို တင်းမနေစေပဲ လျှော့ချလိုက်ပါကွာ။ အ၀တ်တစ်ခုကို ပစ်ချလိုက်သလို ပုံလျက်သား ဖြစ်သွားသည်အထိ ဖြေလျှော့လိုက်ပါ။ အဲဒါပြီးရင် နှာသီးဖျားမှာ ၀င်လေ၊ ထွက်လေ သော်လည်းကောင်း၊ အမှတ်စဉ် ၁ ကနေ ၁၀၀၀၀ အထိသော်လည်းကောင်း၊ ဂါထာတစ်ခုခုသော်လည်းကောင်း၊ စိတ်အာရုံတစ်ခုထားပြီး အိပ်ကြည့်လိုက်ပါ သူငယ်ချင်း။ သူငယ်ချင်းအတွက် ကောင်းသော အိပ်ပျော်ခြင်းကို ရရှိနိုင်သလို မျက်နှာပေါ်က အရေးကြောင်းတွေကိုလည်း လျော့ပါးစေတယ် သူငယ်ချင်း။ အာရုံတစ်ခုထားပြီး အိပ်ပျော်သွားခြင်းက သတိတရားနဲ့ မှတ်ဥာဏ်စွမ်းကို တက်စေတယ် သူငယ်ချင်း။ တင်းနေတဲ့ အကြောကို ဖြေလျော့လိုက်ခြင်းက လူကို နုပျိုစေတယ် သူငယ်ချင်း။ အလုပ်ကို ရောက်တဲ့အခါမှာလည်း လူက လန်းဆန်းနေလိမ့်မယ်။ တနေကုန် စိတ်ပင်ပန်းမှု ဘယ်လိုပဲ ကြုံရပါစေ။ ကိုယ်က ကာကွယ်ဆေးထိုးထားတဲ့ လူလိုပဲ ရောဂါကို မကြောက်တတ်တော့ဘူးကွ။ စိတ်အနှောင့်အယှက်ဆိုတာ ၀င်လာလည်း ခဏပဲ ခံလိမ့်မယ်။ ကိုယ်က အကျဉ်းအကျပ်ကို ရောက်နေရင်လည်း ထွက်ပေါက်ကို လွယ်လွယ်ကူကူ စဉ်းစားနိုင်လိမ့်မယ် သူငယ်ချင်း………
အော် သူငယ်ချင်းရေ……
မင်းအိပ်ယာနိုးတဲ့အခါ ဘာကို အရင်ဆုံး လုပ်တတ်လဲကွ။ တချို့တော့ သွားတိုက်ဆေးကို ကိုင်တယ်။ တချို့က အိမ်သာကိုသွားပြီး အပေါ့အပါး အရင်သွားတတ်ကြတယ်။ ဖြစ်နိုင်ရင်လေ မျက်စိနှစ်လုံး ပွင့်တဲ့အချိန်မှာ သရဏဂုံ သုံးပါးကို စိတ်ထဲကဖြစ်ဖြစ် ပါးစပ်ကဖြစ်ဖြစ် ရွတ်ဆိုလိုက်ပါကွာ။ အိပ်ယာဝင်တုန်းက အကြောတွေ ဖြေလျော့ပြီး အိပ်ထားတာ။ အိပ်ယာနိုးတော့ ဘုရားစာလေး ရွတ်လိုက်တော့ သူငယ်ချင်းအတွက် မင်္ဂလာပိုရှိသွားတယ်။ စိတ်တွေလည်း ရှုပ်စရာ မရှိတော့ဘူး။ လူကလည်း ပေါ့ပါး လန်းဆန်းတယ်ကွ။ အဲဒါပြီးရင် သူငယ်ချင်းရဲ့ ဆံနွယ်တွေကို အရင်ရှင်းလိုက်ပါကွာ။ မှန်ရှေ့ကိုသွားပြီး ခေါင်းကိုအရင် ဖြီးလိုက်ပါ သူငယ်ချင်းရေ။ မင်းရဲ့ ဆံပင်တွေ ရှင်းသွားသလို စိတ်တွေလည်း ရှင်းသွားလိမ့်မယ်။ ဆံပင်တွေကို အရှုပ်မခံပါနဲ့။ ဆံပင်တွေကို ရှင်းပြီးမှ ကျန်တာကို လုပ်ပေါ့ကွာ။ မနေ့ညက မအိပ်ခင်မှာ မင်းမြင်လိုက်ရတဲ့ မင်းမျက်နှာနဲ့ ဒီနေ့မနက် မင်းမြင်ရတဲ့ မင်းမျက်နှာက မှန်ထဲမှာ မယုံနိုင်အောင် ပြန်လည် နုပျိုနေတာကို မင်းတွေရမှာပေါ့ကွာ။ မင်းက အဝေးမှာ ရောက်နေတော့ ငါက မင်းကို ပေးနိုင်တဲ့ လက်ဆောင်ဟာ အဝေးက ရေးပေးတဲ့ ငါ့ရဲ့ အကြံပေးစာလေးပါပဲကွာ…….
မင်းဒီစာလေးကို ဖတ်ပြီး ငါ့ကို သတိရနေမယ်ဆိုရင် ငါကျေနပ်ပါတယ် သူငယ်ချင်း………..
No comments:
Post a Comment