ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Wednesday, November 23, 2011

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်

 
           မြန်မာစကားပုံလေး တစ်ခု အဖြစ် လူတိုင်း ပြောနေတတ်ကြပါတယ်။ ``ထန်းသီးကြွေခိုက် ကျီးနင်း ခိုက်`` တဲ့။ အဖြစ်အပျက်တွေက တိုက်ဆိုင်လွန်းမက တိုက်ဆိုင်လာတတ်တာတွေ ရှိတတ်ပါတယ်။ ရှိလာတိုင်းလည်း ဖြေသိမ့်တဲ့စကားအနေနဲ့ ဒီစကားလေး ကို လူတိုင်း ပြောကြတယ်။ ``တန်းသီးကြွေခိုက် ကျီးနင်းခိုက်`` ပါပဲ။ အခုလည်း အဖြစ်အပျက်တွေက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတာမို့ တင်ပြချင်တဲ့ စိတ်ကလေးကလည်း နိုးထနေချိန်မှာ ကောက်ကာငင်ကာ ရေးမိတဲ့ စာလေးတစ်ပုဒ်ဆိုရင် မမှားပါဘူး။ ဖြစ်ပျက်ပုံက ရိုးရိုးလေးပါပဲ။
- - - - - - - - - - - - - × - - - - - - - - - - - × - - - - - - - - - - - - -
            ဘယ်အရာကိုမဆို စဉ်းစားတွေးခေါ်နိုင်စွမ်း နှေးကွေးပြီး ကမူးရှူးထိုး ဒေါ်စိန်ဥက တခြားရွာကနေ ပြန်အလာမှာပေါ့ဗျာ။ ရွာထိပ်က သရက်ပင်အောက်ကနေ ဖြတ်အလာမှာ ဒေါ်စိန်ဥခေါင်းပေါ်ကို သရက်သီးတစ်လုံးကလည်း လှလှပပနဲ့ တည့်တည့်မတ်မတ်ကိုပဲ ချက်ကောင်းကို မှန်အောင် ကြွေကျလာတယ်။ ထင့်ခနဲဆိုရင် ဒေါသက အရင်ထွက်တတ်တဲ့ ဒေါ်စိန်ဥက ဘာပြောကောင်းမလဲ။ ဘာမှ မစဉ်းစားဘူး။ အနီးအနားကို မျက်စိဝေ့လိုက်ချိန်မှာ ရွာထဲက လျှာကြမ်းအာကြမ်း ဒေါ်ရွှေမိသား အငယ်ကောင် ခုနစ်နှစ်သား ဖိုးထောင်က လေးခွတစ်ဖက် လောက်စာလုံးတစ်ဖက်နဲ့ လွယ်အိတ်လေးတစ်လုံး လွယ်လျက်သား ကြောင်တောင်တောင်နဲ့ ငေးကြည့်နေတာကို မြင်ပါလေရော။ ဒေါ်စိန်ဥခေါင်းပေါ်ကို သရက်သီးကြွေကျတာကို အစအဆုံးမြင်နေတဲ့ ဖိုးထောင်ကလည်း ကလေးပီပီ
မအောင့်နိုင်ပဲ အော်ရယ်ပြန်တယ်။ နဂိုကတည်းက ဒေါသထွက်နေတဲ့ ဒေါ်စိန်ဥကလည်း ရွာထဲကို ထမီစွန်တောင်စွဲပြီး ဒုန်းစိုင်းပြေးတာပေါ့။ ဖိုးထောင်အမေကို အမောတကောနဲ့ သွားတိုင်တာလေ။ ဖိုးထောင်ခမျာ ဘာမှန်းတောင် မသိရဘူး။ ထွက်ပြေးသွားတာပဲ မြင်လိုက်ရတာကိုး။ ဖိုးထောင်က ကြောင်တောင်တောင်နဲ့ ကျန်နေခဲ့ရတယ်။ ဒေါ်စိန်ဥကလည်း ဖိုးထောင်အမေဆီကို အပြေးသွားပြီး ဖိုးထောင်က သရက်သီးကို သူသရက်ပင်အောက်ကို ရောက်ကာမှ လေးခွနဲ့ပစ်ပြီး ခြွေချတယ်။ ခေါင်းပေါ် သရက်သီးကြွေကျတာကို သူက အားရပါးရ အော်ရယ်နေသေးတယ်။ မဆုံးမဘူးလားဆိုပြီး သွားတိုင်တာပေါ့။ ပြောချင်တာက မိမဆုံးမ ဖမဆုံးမသားပေါ့။ အစကတည်းက ခပ်တင်းတင်းနဲ့ သူများအပြောမခံရအောင်နေလာသူ စပ်စပ်ကြဲ ဒေါ်ရွှေမိကလည်း မဟုတ်ရင်တော့ မခံဘူး။ သေချာအောင် လိုက်ကြည့်မှဆိုပြီး ကြိမ်လုံးကိုင်ကာ လိုက်ကြည့်တယ်။ လိုက်ကြည့်တော့ အခန့်သင့်ပဲ။ ကိုဖိုးထောင်က အရင်နေရာလေးမှာပဲ ငြိမ်ငြိမ်လေးရပ်လို့၊ အနောက်က ဒေါ်ရွှေမိတို့ ရောက်နေတာကိုတောင် မသိရှာဘူး။ ငြိမ်ချက်သား ကောင်းကောင်းနဲ့ ရပ်နေတုန်းမှာ ဖိုးထောင်အမေ ဒေါ်ရွှေမိက ကြိမ်လုံးကို တအားကုန်မြှောက်လို့ ဖိုးထောင် တင်ပါးကို လွှဲအရိုက်မှာ ထိချက်ကတော့ ရွှမ်းခနဲပဲ။ ဖိုးထောင်ကလည်း ရုတ်တရက်ဆိုတော့ လန့်သွားပြီး လေအလည်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဘူရွှမ်းလား ရွှမ်းဘူလားတောင် မသိတော့ဘူး။ ဒေါ်ရွှေမိလည်း ကြောင်သွားတယ်။ ငါရိုက်တာတောင် သူက လေလည်နိုင်သေးတယ်။ မခန့်လေးစားနဲ့ဆိုပြီး ရေရွတ်လို့မှ မဆုံးသေးခင် ဖိုးထောင်က နောက်ကိုလှည့်ကြည့်ပြီး ကြောင်တောင်တောင်နဲ့ အလန့်တကြား ပြန်ကြည့်နေလေရက်။ ဖိုးထောင်အမေခမျာမှာလည်း ဖိုးထောင်ကို ကြည့်ပြီး ရယ်ချင်စိတ်က ပေါက်လာတယ်။ ဘာမပြောညာမပြောနဲ့ ရိုက်တုန်းက ရိုက်သေးတယ်။ ရိုက်တဲ့အချိန်မှာ လေလည်လိုက်တော့ ရိုက်တဲ့လူတောင် ကြောင်တောင်တောင် ဖြစ်သွားတာကိုး။ အဲဒါနဲ့ ဖိုးထောင်အမေ ပြုံးစိစိနဲ့ ရယ်လိုက်ချိန်မှာမှ ဖိုးထောင်ကလည်း ငိုဖို့ သတိရသွားပုံရတယ်။ ဝါးခနဲ အော်ငိုတော့တာပါပဲ။ အဲဒါနဲ့ ဒေါ်ရွှေမိကလည်း ဒီလေးခွ ဘယ်ကရလာတာတုန်း။ ဘယ်သူက ပစ်တတ်အောင် သင်ပေးတာတုန်း။ မေခွန်းတွေ မေးနေသေးတယ်။ ဖိုးထောင်ကလည်း အငိုမရပ်နိုင်။ ပြန်မဖြေသေးဖို့ဆိုတာ အဝေးကြီး။ သူက သရက်ပင်ပေါ်ကိုပဲ လက်ညှိုးထိုးပြနေပြန်တယ်။ စိတ်မရှည်နိုင်တော့တာနဲ့ မအေလုပ်သူ ဒေါ်ရွှေမိက လက်ထဲမှ လေးခွကို လုပြီး ဒေါ်စိန်ဥနဲ့ နှစ်ယောက်သား သရက်ပင်အောက်ကို အမောတကော သွားကြတယ်။ သူတို့နှစ်ယောက် သရက်ပင်အောက်ကို ရောက်သွားပြီး မော့ကြည့်တော့ သရက်ပင်ပေါ်မှာ ကပ္ပိယ သာစိန်။ သရက်ပင်ဆုံခွကို ကားယားခွပြီး မတ်တပ်ရပ်လို့ သရက်သီးခူးလို့ ကောင်းတုန်း။ အောက်စလွတ်နေတာကိုတောင် သတိမထားမိပါဘူး။ အဲဒီ အောက်စလွတ်နေတာကို မြင်မိသူကတော့ ဒေါ်ရွှေမိနှင့် ဒေါ်စိန်ဥတို့ပါပဲ။ ဒီလောက်တောင် ဘာကိုမှ ဂရုမစိုက်နိုင်အောင် သရက်သီးခူးကောင်းနေတဲ့ကောင်ကို ဆုံးမဦးမှဆိုပြီး ဖိုးထောင်လက်ထဲက လုယူလာတဲ့ လေးခွနဲ့ ဒေါ်စိန်ဥက ချိန်ရွယ်နေတုန်း….. ကပ္ပိယသာစိန်ကလည်း ခြေသလုံး ခါချဉ်ကိုက်လို့ လှမ်းကုပ်ဖို့ အောက်ကို ငုံ့အကြည့်မှာ။ မျက်လုံးတွေ ဆုံသွားပြန်တော့ သူအောက်စလွတ်နေမှန်းသိသွားပြီး လွတ်နေတာကိုမှ လှမ်းချိန်နေတဲ့ ဒေါ်စိန်ဥကို ကြောင်ကြည့်နေတာပေါ့။  ဘယ်လောက်တောင် ကြောင်သွားသလဲဆိုရင် ခြေမကိုင်မိ လက်မကိုင်မိနဲ့ သရက်ပင်ပေါ်ကို ပြုတ်ကျလာတယ်။ ဒါကို မကျေနပ်တဲ့ ကပ္ပိယသာစိန်က သူကြီးကို သွားတိုင်ပါလေရော။ သူက သရက်သီးခူးတယ်။ ဒေါ်စိန်ဥက အောက်ကနေ နှစ်လုံး လာချိုင်တယ်ဆိုပြီး တိုင်ပြန်ရော။ သူကြီးကလည်း ရယ်ရမလို ငိုရမလို ဖြစ်နေပြန်တယ်။ ဘယ်လို ဆုံးဖြတ်ရမလဲလို့ စဉ်းစားနေရတယ်။ အားလုံးကလည်း သူ့ဟာနဲ့သူ မှန်နေတာချည်းပဲလေ။ ဒေါ်စိန်ဥ ခေါင်းပေါ်ကို ကျလာတဲ့သရက်သီးက အကိုင်းလှုပ်လို့ ကြွေသွားတဲ့ အလုံးဖြစ်နေတာကို ကပ္ပိယသာစိန်က ရှင်းပြနေပြန်တယ်။ သူကလည်း သရက်သီး ခူးမှာမို့ ဖိုးထောင်ကို လေးခွနဲ့ လွယ်အိတ်ကို ခဏပေးထားပြီး ခပ်လှမ်းလှမ်းက စောင့်ခိုင်းနေတာကိုလည်း ရှင်းပြပြန်ပါတယ်။ အပေါ်ကို မော့မကြည့်ပဲ ဖိုးထောင်ကို တရားခံဆွဲထည့်မိတဲ့ ဒေါ်စိန်ဥကလည်း လက်ထဲက လေးခွကြောင့်ပါလို့ ပြောပြန်တယ်။ မမေးပဲ ရိုက်မိတဲ့ ဒေါ်ရွှေမိကလည်း သူများပြောတာ မခံချင်လို့ ကိုယ့်သားကို ကိုယ်ဆုံးမတာပါလို့ ထွက်ဆိုပြန်တယ်။ ကပ္ပိယသာစိန် သရက်ပင်ပေါ်က ပြုတ်ကျလာတာကလည်း အောက်က ချိန်ထားတဲ့ လေးခွကြောင့် ကြောင်ပြီး ကျတာပါလို့ ပြောပြန်တော့ သူကြီးလည်း စိတ်ညစ်သွားတယ်။ အဲဒါနဲ့ နောက်ဆုံးမှာ တရားခံအစစ်ဖြစ်နေတဲ့ လေးခွကို ပြည်သူပိုင်အဖြစ် သူကြီးမှ သိမ်းလိုက်ပြီး ဒေါ်စိန်ဥ လေးခွနဲ့ ချိန်မိတဲ့ နှစ်လုံးအစား ကပ္ပိယသာစိန်က ခူးထားတဲ့ သရက်သီးတွေထဲက နှစ်လုံးကို ဒဏ်ကြေးပေးဆောင်ရန်သာ အမိန့်ချလိုက်ပါတော့တယ်။ အားလုံး တိုက်ဆိုင်မှုတွေ ဖြစ်လာတော့ ``ထန်းသီးကြွေခိုက် ကျီးနင်းခိုက်`` ပါပဲဗျာ………..။

သားဦး (ဝမ်းတွင်းရူး)

No comments:

Post a Comment