ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Sunday, March 4, 2012

သင်ပုန်းပေါ်မှ အဓိဋ္ဌာန်

နယ်မြို့လေးတမြို့………..။ ဖခင်ဖြစ်သူ ၀န်ထမ်းလစာဖြင့် မိသားစု ရပ်တည်နေရချိန်မှာ လခထုတ်ရက်တိုင်း အိမ်လခ၊ ရေဖိုး၊ သားသမီးကျောင်းစရိတ်၊ စားစရိတ် ဝေပုံကျခွဲပြီးတိုင်း အဖေ့အိတ်ထဲက လက်ကျန်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းခေါင်းပါ အစိမ်းရောင် တစ်ကျပ်တန်လေးကို ကျွန်ုပ် မြင်မြင်နေမိသည်။ အဖေ့အတွက် သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ သုံးစရာဆိုလို့ ဒီကျပ်တန်လေးတစ်ရွက်သာ ပိုင်ဆိုင်တော့သည်။ အိမ်မှာ လျှပ်စစ်မီးအတွက် အဖေ ပိုက်ဆံမပေးရလို့ တော်သေးသည်။ လျှပ်စစ်မီးမှ မရှိတာကိုး။ အစိုးရထုတ် ၀န်ထမ်းသက်သာ ဖယောင်းတိုင်လေး ရှိနေလို့ အဖေအသက်ရှူချောင်နေရတာ ကျွန်ုပ်သိသည်။ ကျွန်ုပ်အနေနဲ့ကလည်း ဘာမှ ပြန်မလုပ်ပေးနိုင်သည့် အရွယ်ဖြစ်နေသည်ကတကြောင်း၊ ကျွန်ုပ်အတန်းပညာတွေ မြန်မြန်အောင်မြင်ချင်ပြီး အဖေ့ကို ပြန်လည် လုပ်ကျွေးချင်နေသည်ကတကြောင်း အကြောင်းကြောင်းဖြင့်သာ ကျွန်ုပ် ကျောင်းသားဘ၀မှ မြန်မြန် လွတ်မြောက်ချင်လာခဲ့သည်။ သို့အတွက်ကြောင့် စာကိုသာ အနိုင်နိုင်ကြိုးစားပြီး တစ်နှစ်တစ်တန်း အောင်မြင်အောင် ကြိုးစားလာခဲ့ရသည်။ ဒီလိုနဲ့ ကျွန်ုပ်မှာ ညီမလေးတစ်ယောက် တိုးလာခဲ့ပါပြီ။ ကျွန်ုပ်ပျော်နေမိသည်။ သို့သော် အပျော်တွေ ပြန်လည် ပျောက်ဆုံးသွားခဲ့ရပြန်ပါပြီ။ ညီမလေးအတွက် ကျောင်းစရိတ်ပါ ရှိလာပြန်ပြီကိုး။ ဒါကိုသိလိုက်ရတဲ့အချိန်မှာ ကျွန်ုပ်က လေးတန်းစာမေးပွဲဖြေပြီးချိန်မှာ ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် နွေရာသီကျောင်းပိတ်ရက်မှာ သူများတွေနဲ့ သွားရောက်ဆော့ကစားခြင်း မရှိတော့ပါ။ အနီးအနားတွင်ရှိနေသော ဝေဖာစက်ရုံမှာ နေ့စားဝန်ထမ်းလေးအဖြစ် ကလေးဘ၀ ပိုက်ဆံရှာပါတော့သည်။ ဝေဖာချောင်းတွေကို လွှအသေးလေးနဲ့ဖြတ်၊ စက္ကူဖာပုံးထဲမှာ စီပြီးထည့်ရသည်။ ပါကင်တစ်ခုစာပြီးတိုင်း ကျွန်ုပ်အတွက် ငါးမူးရသည်။ ကျွန်ုပ်ပိုက်ဆံတွေကိုစုပြီး ကျောင်းဖွင့်ချိန်မှာတော့ ကျွန်ုပ်နှင့် ညီမလေးသုံးစရာ မုန့်ဖိုး၊ စာအုပ်ဖိုးတွေအဖြစ် ပုံစံပြောင်းနိုင်ခဲ့သည်။ အကြမ်းတွက်စရာ စာအုပ်မကုန်ရအောင် ကျောက်သင်ပုန်းနှင့် ကျောက်တံဝယ်ပြီး လေ့ကျက်ခဲ့သည်။ စာတွေ အလွတ်ရေးသည့်အခါတိုင်း ကျောက်သင်ပုန်းလေးကို သုံးခဲ့သည်။ ကျွန်ုပ်စာတစ်ပုဒ် ကျက်နေချိန်မှာ ညီမဖြစ်သူက သင်္ချာတွက်သည်။ ကျွန်ုပ်က စာကို အလွတ်ရေးကျက်နေချိန်မှာ ညီမဖြစ်သူက ဖတ်စာကျက်သည်။ ဒီလိုနဲ့ ခေတ်စနစ်တွေ ပြောင်းလဲတိုးတက်လာခြင်းနဲ့အတူ ကျွန်ုပ် ဆယ်တန်းကျောင်းသားဘ၀မှာတော့ တရုတ်ပြည်ကလာတဲ့ မီးချောင်းလေးနဲ့ ဘက်ထရီလေးကို အဖေက ကြိုးစားပြီး ၀ယ်ပေးရှာသည်။ မောင်နှမနှစ်ယောက် မီးချောင်းအောက်မှာ ခေါင်းချင်းဆိုင်ပြီး စာတွေ ကျက်ခဲ့ကြသည်။ အခုတော့ ကျွန်ုပ်တို့နှစ်ယောက်လုံး ဘွဲ့တွေရလို့ ပညာတတ်ကြီးတွေ ဖြစ်လာခဲ့ပါပြီ။ အဖေလည်း လစာတွေ တိုးလို့ရခဲ့ပါပြီ။ တနယ်စီမှာ အလုပ်တာဝန်ကိုယ်စီနဲ့ အဖေ့ကို ခွဲခဲ့ရပါပြီ။ အဖေနဲ့အတူ အမေကတော့ အရင်အိမ်လေးမှာ ကျန်နေရစ်လို့ ကျွန်ုပ်တို့ မောင်နှမ ထောက်ပံ့နိုင်ခဲ့ပါပြီ။ ဒါပေမယ့် အဖေ့အတွက် အိတ်ထဲမှာ အမြဲတမ်း ပိုက်ဆံတစ်ရွက်ပဲ ရှိနေသည်က အရင်အတိုင်းပါပဲ။ ဒါပေမယ့် ဂဏန်းတော့ ပြောင်းသွားပါပြီ။ ဒီတစ်ခါကျန်တဲ့ တစ်ရွက်တည်းသော ပိုက်ဆံက ငါးထောင်တန်ပါ။ အဖေ လခထုတ်တော့လည်း ငါးထောင်တန်ပါပဲ။ ကျွန်ုပ်တို့ မောင်နှမ ထောက်ပံ့ ပေးပို့လိုက်ရင်လည်း ငါးထောင်တန်ပါပဲ။ အဖေ့အတွက် ကျန်နေတာကလည်း ငါးထောင်တန်ပါပဲ။ ဒါပေမယ့် အဝေးကို ရောက်နေတဲ့ သားသမီးတွေရဲ့ အသံလေးကို တစ်ချက်လောက်ကြားနိုင်အောင် မစွမ်းနိုင်ခဲ့ပါဘူး။ ငါးထောင်တန်ဖုန်းတွေ ပေါ်တော့မယ်ဆိုတော့ အဖေပျော်နေလိုက်တာ။ ငါးထောင်တန်ဖုန်းဝယ်ပြီးရင် ငါ့သားနဲ့ စကားပြောမယ်ကွနဲ့ အမေ့ကို ကြွားနေတယ်။ တကယ်ဆိုရင် တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဖုန်းလေးတစ်လုံးလောက်တော့  ဖြစ်တန်ကောင်းပါရဲ့။ ငါ့သားကြီးရေ နေကောင်းရဲ့လားကွ။ ငါ့သမီးရေ ကြိုးစားနော်။ သတင်းစကား မှာကြားခွင့်တောင်မရှိတဲ့ ငါးထောင်တန်ဟာ အလကားဖြစ်သွားသလား။ အကောင်အထည်မဖော်နိုင်တော့ပြီလား မသိနိုင်တော့ပါ။ ဒါပေမယ့် အဖေ့ရင်က မျှော်လင့်ချက်ကတော့ သားသမီးတွေနဲ့ ပြန်လည်ဆုံစည်းချင်နေတာ အမှန်ပါ။ ကျွန်ုပ်လည်း အဖေ့ရင်ခွင်ကို ပြန်လာခဲ့ပါမယ်။ အဖေ့ဆီပြန်မယ့်ရက်ကို ညီမလေးနဲ့ တိုင်ပင်ပြီး လက်လုပ်စတွေ လက်စသတ်ကြတယ်။ အားလုံးပြီးတော့ ကျွန်ုပ်တို့ မောင်နှမ အဖေ့ဆီကို ပြန်လာခဲ့ပါပြီ။ ဒါပေမယ့် ကျွန်ုပ်မပြန်ခင်မှာ သင်ပုန်းလေးပေါ် စာလေးတကြောင်း ချရေးမိတယ်။ အဲဒီလို ရေးလိုက်တဲ့စာနဲ့အတူ ငယ်စဉ်ဘ၀ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မြင်ယောင်ပြီး မျက်ရည်လည်မိခဲ့သည်။ အဝေးပြေးကားကြီးလည်း တရွေ့ရွေ့နဲ့ ထွက်ခွာလာခဲ့ပြီ။ သင်ပုန်းလေးကို ကိုင်ပြီး ရေးမိတဲ့စာကို ထပ်ခါတလဲလဲ ဖတ်ရင်း……..
``အဖေ့အိတ်ထဲက တစ်ကျပ်တန် ငါးထောင်တန်နှင့် မလဲပြီ……………``


လွတ်လပ်စွာ တွေးခေါ်နိုင်သည်
အစဉ်လေးစားလျက်
သားဦး (4.3.2012)

No comments:

Post a Comment