ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Wednesday, February 29, 2012

သစ္စာရှင်ရဲ့ အမုန်းမာန်



လပြည့်ည လရောင်အောက်မှာ ညဉ်းသွဲ့စွာ တိုက်ခတ်နေသော လေပြေနှင့်အတူ စုနန္ဒီတစ်ယောက် မောင်တော် သတိုးစစ်ကို တမ်းတလွမ်းမောရင်းသာ အချိန်တွေကုန်လွန်နေခဲ့ရသည်။ မောင်တော်ဘုရား ဘယ်ဆီမှာပဲ ဘယ်လသာနေသလဲ။ ဘယ်အဆောင်တော်ကူးလို့ ပျော်မြူးနေသလဲ။ မိန်းမသားပီပီ တွေးထင်စရာ အထွေထွေကို တွေးတောလို့သာ စိတ်ပူရင်း ရင်တွင်းမှ အပူမီး၊ အလွမ်းမီးအထွေထွေကို တစ်ယောက်တည်း လေသာပြတင်းမှ မျှော်ကြည့်ရင်း ဆွေးနေခဲ့ရှာလေသည်။ တကယ်ဆိုရင် စုနန္ဒီအတွက် ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းမြေလေးကလွဲပြီး ပျော်စရာပါးစရားကိုလည်း မရှာနိုင်ခဲ့ပါ။ မောင်တော်နဲ့ စုံစည်းခဲ့ရပြီးနောက် မောင်တော် သတိုးစစ်ကို ချစ်မြတ်နိုးစိတ် တစ်ခုတည်းနဲ့ ဒီကျွန်းပေါ်မှာ ခြေကုပ်နေခဲ့ရသူတစ်ယောက်လည်း ဖြစ်သည်။ မိဘတွေနဲ့ အတူရှိနေစဉ်က ဒီကျွန်းမြေနဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့ နေရာမှာ မွေးဖွားကြီးပြင်းလာခဲ့သူလည်း ဖြစ်သဖြင့် အခုလို သီးသန့် ကျွန်းမြေလေးမှာနေရသည့်အခါ အဆင်မပြေမှုများရှိလာခဲ့သည်။ သို့သော်လည်း မောင်တော် သတိုးစစ် မျက်နှာကိုထောက်ထားပြီး စိတ်ပျော်အောင်သာ နေထိုင်ခဲ့ရပေတော့သည်………………
------------------×------------------×------------------
မြစ်ဝကျွန်းပေါ်ဒေသ ဗွေဆုံချောင်းနံဘေးမှာတော့ လပြည့်ညတိုင်း တံငါသည်တချို့ရဲ့ ပူဇော်ပသခြင်းတွေကို မြင်တွေ့နေရဆဲဖြစ်သည်။ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ကောက်ညှင်းပေါင်းတချို့၊ အုန်းသီးဆံတချို့ဖြင့် ပူဇော်ပူသခြင်းသည်ကား လပြည့်ညတိုင်းလိုလိုပင် ရှိနေခဲ့သည်။ သူတို့ရဲ့ယုံကြည်မှုသည်ကား အခုလို နေ့ရက်အခါကြီးမျိုးတွင် တံငါလိုက်သည်ရှိခဲ့သော် အနှောက်အယှက်ကင်းကင်းဖြင့် ရှာဖွေနိုင်ကြစေရန်နှင့် တံငါသည်တို့အတွက် အသက်အန္တရာယ်မှလည်း လုံခြုံစိတ်ချရသည်ဟု ယုံကြည်မှုများရှိကြသည်။ အမှန်စင်စစ်အားဖြင့် လပြည့်လကွယ် အခါကြီးရက်ကြီးမျိုးတွင် တံငါလိုက်ခြင်းမှလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရပေသည်။ ဒီအယူအဆနဲ့ ဓလေ့ကို အဘိုးအဘွားတွေ လက်ထက်မှစတင်ပြီး ကျင့်သုံးလာခဲ့သည်မှာ ယနေ့တိုင် ဖြစ်သော်ငြားလည်း မည်သူတစ်ဦးတစ်ယောက်ကမှ အတိအကျကို ပြောပြနိုင်ခြင်း မရှိကြပေ။ တံငါသည်တို့အတွက် အသက်အန္တရာယ် လုံခြုံစိတ်ချရသည်ဆိုသည်ကလည်း အခုလို နေ့ရက်အခါကြီးမျိုးတွင် တံငါလိုက်သည် ရှိသော် မိချောင်းဒဏ်မှ ကင်းဝေးအောင်လည်း ဖြစ်ပေသည်။ သာမာန်ရက်မျိုးတွင် မိချောင်းအန္တရာယ်မရှိသော်လည်း အခုလို လပြည့်ညမျိုး တံငါလိုက်သည်ရှိသော် တံငါသည်ရော၊ လှေပါ ပျောက်ကွယ်သွားလောက်အောင် ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတွေ ထိုရွာလေးမှာ ရှိခဲ့ကြသည်။ သို့အတွက်ကြောင့် အဘိုးအဘွားအမွေအဖြစ်သော်လည်းကောင်း၊ ကြောက်၍သော်လည်းကောင်း၊ ဓလေ့တစ်ခုသဖွယ် ပူဇော်ပသခြင်းကို မြင်တွေ့နေရဆဲ ဖြစ်ပေတော့သည်။
          ``ကျွန်းပိုင်ရှင်သို့ ပူဇော်ရာ ရွှေကောက်ညှင်းပေါင်း တလှေတိုက်နဲ့ မုန့်ချိုလက်ဆောင် ခဲဖွယ်ချိုချဉ် မကျန်စေအောင် ဆီမီး၊ အမွှေးတိုင် ထွန်းညှိကာ ပသပါတဲ့ လိုရာကိုသာ သုံးဆောင်ပါ ကျွန်းပိုင်ရှင်ခင်ဗျား…………….။ အန္တရာယ်အခါခပ်သိမ်းမှလည်း ကိုတံငါတို့ ကင်းဝေးအောင် စောင့်ရှောက်ပါ၊ ကလေးငယ်တွေ မျက်စိလည် လမ်းမှားသည့်အခါ အိမ်ပြန်ရောက်အောင် လမ်းမှန် ပို့ပေးပါ။ အပြန်အလှန် သစ္စာထားလို့ လိုအပ်သည်များရှိပါက အတိတ်နိမိတ်များပြသပေးပါ။ ပူဇော်ပသရန် ၀န်မလေးတဲ့ တံငါသားတို့ရွာမှ ကျွန်းပိုင်ရှင်ကို ပူဇော်ကာ ပသပါတယ်။…………``​ အစရှိသဖြင့် ပူဇော်ပသသံ တချို့ကို လပြည့်ညတိုင်း ကြားနေကျဖြစ်သည်။ အပြန်အလှန် သစ္စာရှိခြင်းဆိုသည်မှာကား မိချောင်းကို မသတ်မဖြတ်ခြင်းနှင့် မိချောင်းသား မစားခြင်းပင် ဖြစ်လေတော့သည်။ မိချောင်းတို့မှလည်း လူသားတို့အား ရန်မပြုခြင်းနှင့် လူများကို သတ်ဖြတ်ခြင်းမပြုခြင်းပင် ဖြစ်သည်။
------------------×------------------×------------------
ဗွေဆုံချောင်းလေးဟာ တကယ်တော့ ရေချိုချောင်းလေးတစ်ခုပါ။ ပင်လယ်အတွင်းသို့ တိုက်ရိုက်စီးဝင်ခြင်းရှိနေတဲ့အတွက် ဒီရေအတက်အကျနှင့်အတူ ချောင်းအကျယ်အ၀န်းကလည်း ကျယ်လှသည်။ ထို့အတူ ဗွေဆုံရွာကလေးကလည်း ဗွေဆုံချောင်းနံဘေးမှာ တည်ရှိပြီး ရွာ၏ တ၀က်ကျော်ကျော်ခန့်တိုင်အောင် ဗွေဆုံချောင်းကလေး၏ ဝေ့၀ိုက်ကာ ခွေပြီး ပက်ကာ စီးဆင်းခြင်းခံရပါသည်။ ကျွန်းမဟုတ်သော်ငြားလည်း ကျွန်းလေးသဖွယ်ဖြစ်နေသော ဗွေဆုံရွာကလေးတွင် တရွာလုံး၏ မှီခိုအားထားစရာသည် တံငါလုပ်ငန်းပင် ဖြစ်လေတော့သည်။ တံငါသည်တို့အနေဖြင့်လည်း ကျွန်းပိုင်ရှင်ရဲ့ အလိုတော်ကျ စည်းကမ်းစည်းမျဉ်းများကို လိုက်နာကြရသည်။ ကျွန်းပိုင်ရှင်ကိုကား မည်သူဖြစ်သည်ဆိုတာကို အတိအကျရယ် မသိခဲ့ကြပါ။ မှန်းဆလို့သာ ပူဇော်ရင်း ရှေးရိုးစဉ်ဆက်ကို ထိန်းသိမ်းခဲ့ကြရပေသည်။
အိမ်ခြေအားဖြင့် ၂၀၀ ခန့်သာရှိပြီး ဆွေစဉ်မျိုးဆက် တံငါလုပ်ငန်းသည်သာလျှင် အသက်မွေးဝမ်းကျောင်းပညာသဖွယ် လက်ဆင့်ကမ်းလာခဲ့ကြသည်။ ရွာလူကြီး ဦးဒီပ ဦးဆောင်ကာ ပူဇော်ပသပွဲများကို ပြုလုပ်ကြသည်။ ကာလသားခေါင်းဆောင် ကိုထွန်းကျော်မှ လူငယ်များကို စုစည်းပေးသည်။ မည်သို့ပင် ပူဇော်ပသပွဲများကို ပြုလုပ်ပါစေ။ အထက်လမ်း အောက်လမ်း အတတ်စုံ သိုက်ဆရာ ဦးယက္ခသည်ကား ထိုသို့သော ပွဲများနှင့် ခပ်ကင်းကင်းသာ ရှိနေခဲ့သည်။
------------------×------------------×------------------
စုနန္ဒီ ဒီကျွန်းပေါ်ကို ရောက်လာပြီးမှ ကျွန်းအကြောင်းကို သိခဲ့ရသည်။ စုနန္ဒီတို့ ကျွန်းပေါ်မှာ မှိုင်းညို့နေတဲ့ တောအုပ်ကြီးတစ်ခုနဲ့ ကျောက်ဆောင်ကြီးတွေ ရှိနေတယ်။ အဲဒီထဲမှာ ဖိုခနောက်ဆိုင် ကျောက်ဂူကြီး သုံးခုရှိတယ်။ အဲဒီကျောက်ဂူကြီးတွေထဲမှာ ညဘက်ဆိုရင် ပျော်စရာ မီးပုံပွဲတွေ၊ အကတွေ ရှိပေမယ့် နေခင်းဘက်မှာတော့ အနားယူနေတဲ့ ပါးစပ်ကြီးတွေဟထားသော မိချောင်းကြီးတွေသာ မြင်နေရမှာပါ။ ဒီကျွန်းပေါ်မှာ အခုလို မိချောင်းတွေ ပေါမှန်းသိကြလို့လည်း တော်ရုံနဲ့ ကျွန်းအနားကိုပင် ကပ်ပြီး ဖြတ်သန်းသွားခြင်း မရှိကြပေ။ မိချောင်းတွေထဲမှာ စုနန္ဒီရဲ့ မောင်တော် သတိုးစစ်က အကြီးအမှူးတစ်ယောက် ခေါင်းဆောင်းတစ်ယောက် အဖြစ် တကျွန်းလုံးကို အုပ်ချုပ်ရပေသည်။ သတိုးစစ်အပါအ၀င် ဒီကျွန်းပေါ်မှာ မိချောင်း အကောင်ရေ ၅၀၀ ခန့်ရှိသည်။ ဒီအထဲတွင် သတိုးစစ်အပါအ၀င် မိချောင်းခုနစ်ကောင်သာ လူယောင်ဖန်ဆင်းနိုင်ကြတယ်။ ကျန်တဲ့အကောင်တွေမှာတော့ မိချောင်းသတ္တ၀ါအဖြစ်သာ ရပ်တည်နေနိုင်ကြပြီး သတိုးစစ်၊ စုနန္ဒီတို့ရဲ့ ဖန်ဆင်းပေးမှုဖြင့်သာ လူအဖြစ်ကို ခေတ္တပြောင်းလဲ နေထိုင်ခွင့်ရကြသည်။ ကျွန်းပေါ်မှာရှိသမျှ မိချောင်းတွေရဲ့ လူတွေအပေါ်မှာ ထားရှိသော ကတိသစ္စာသည်ကား လူသားကို မစားမသောက်ခြင်းပင် ဖြစ်လေတော့သည်။ လပြည့်လကွယ်တို့တွင် ဥပုသ်သီတင်းဆောက်တည်ကြသည်။ လပြည့်လကွယ်တွင် အကုသိုလ်လုပ်သည့်သူတွေကိုလည်း မနှစ်မြို့ကြချေ။ မနှစ်မြို့သည့်တိုင် သတိုးစစ်တို့ ကျွန်းအနီးအနားတွင်လည်း တံငါလုပ်ငန်းဖြင့် အသက်မွေးသည့် ရွာတွေချည်းပင် ဖြစ်လေတော့သည်။ တံငါသည်အများစုကလည်း လပြည့်လကွယ်မရှောင်ချင်ကြပေ။ အကုသိုလ် ကုသိုလ် မသိကြ။ သတိုးစစ်တို့ မိချောင်းကျွန်းမှလည်း ဒီလို အပြုအမူမျိုးကို လက်မခံကြပေ။ မိချောင်းတို့ရဲ့ သိဒ္ဓိပါတ်ဖြင့် တံငါလှေများကို မျက်စိလည် လမ်းမှားအောင် လုပ်ပစ်နိုင်ကြသည်။ လာရာလမ်းကို တ၀ဲလည်လည် ပြန်ရောက်အောင် လုပ်တတ်ကြသည်။ သို့အတွက်ကြောင့် တံငါသည်အများစုကလည်း လပြည့်လကွယ်၊ အခါကြီး ရက်ကြီးမျိုးများတွင် မလွဲသာမှသာ ငါးဖမ်းကြရသည်။ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြသည်။ အဲဒီလိုနေ့ရက်မျိုးတွင် ကျွန်းပိုင်ရှင်သို့သာ ပူဇော်ပသခြင်းများဖြင့် ချောင်းနံဘေးတွင် အချိန်ကုန်သွားကြသည်။ ငါးဖမ်းမထွက်ကြပေ။ မလွဲသာမှသာ ငါးဖမ်းထွက်ကြသည်။ ထွက်ကြလျှင်လည်း ကျွန်းပိုင်ရှင်သို့ ပူဇော်သံ တောင်းပန်သံတချို့ဖြင့်သာ ထွက်ကြရသည်။ သို့သော်လည်း ရတန်သလောက် မရကြပေ။ အလွန်နည်းလှသော ငါးအချို့သာ ဖမ်းမိရနိုင်ကြသည်။ ဒါဟာ ထူးဆန်းသည့်အချက်ဟု ပြောလျှင်လည်း မမှားနိုင်ပေ။
------------------×------------------×------------------
စုနန္ဒီရဲ့ ဖခင်ဖြစ်သူ ဆောင်ကြဉ်းမှုဖြင့် မိုင်ပေါင်း ထောင်ချီဝေးသော ခရီးကနေ သတိုးစစ်ရှိရာ ဒီကျွန်းကို ရောက်လာခဲ့သည်။ သတိုးစစ်နှင့် လက်ဆက်ပြီးချိန်မှာ ဖခင် ကံတော်ကုန်ခဲ့ရှာလေသည်။ ခမည်းတော် ကံတော်ကုန်ချိန်တွင် ခမည်းတော်ရဲ့ အသက်က ၁၈၀၀ ခန့်ရှိနေခဲ့ပြီလေ။ စုနန္ဒီ သတိုးစစ်နဲ့ လက်ဆက်ချိန်မှာလည်း သတိုးစစ်ရဲ့ သက်တမ်းက ၁၀၀၀ ကျော်နေပြီ။ စုနန္ဒီအသက်ကား ၉၀၀ ကျော်သာ ရှိသေး၏။ လူယောင်ဖန်ဆင်းနိုင်သော မိချောင်းတချို့တွင် သက်တမ်းအားဖြင့် အလွန်ရှည်လျားကြပြီး ဦးခေါင်းအားဖြင့်လည်း အလွန်ရှည်လျားကြသည်ဟုဆို၏။ ဦးခေါင်းအရှည်သည် နှာခေါင်းမှ မျက်လုံးတိုင်အောင် အနည်းဆုံး ကိုးတောင်ဝတ်ယောက်ျားတစ်ယောက်ရဲ့ လက်အတောင် ၅ တောင်ခန့်ရှည်လျား၏။ သို့အတွက်ကြောင့် ဒီကျွန်းပေါ်ရှိ မိချောင်းသိုက်ထဲမှာ သတိုးစစ်၊ စုနန္ဒီအပါအ၀င် မိချောင်း ခုနစ်ကောင်သာ လူယောင်ဖန်ဆင်းနိုင်ကြသည်။
------------------×------------------×------------------
စုနန္ဒီမှာ ချစ်စရာကောင်းသော သားလေးတစ်ယောက် မွေးဖွားနိုင်ခဲ့ပါပြီ။ မင်းနန္ဒလို့ အမည်မှည့်ခေါ်စေသည်။ မင်းနန္ဒလေးကို မိချောင်းသိုက်ရဲ့ စည်းမျဉ်းစည်းကမ်း၊ လိုက်နာရမည့် ကျင့်ဝတ်၊ ကျင့်ဆောင်ရမည့် ကျင့်စဉ်တွေကို သင်ကြားပေးခဲ့သည်။ များမကြာမီကာလအတွင်းမှာပင် အရွယ်ရောက်သော မိချောင်းတစ်ကောင် ဖြစ်လာခဲ့သည်။ ဖွံ့ဖြိုးလှသော ခန္ဓာကိုယ်နှင့် သန်မာလှသော ကြွက်သားတွေက မင်းနန္ဒအတွက် ဂုဏ်ယူ မောက်မာစရာ ဖြစ်လာခဲ့သည်။ ကိုယ်မှန်တယ်ထင်ရင် မိဘစကားလည်း နားမထောင်တော့ပေ။ တနေကုန် တနေခန်း ရေချိုချောင်းတွေဘက်ကို သွားရောက် ဆော့ကစားတတ်လာခဲ့သည်။ ဖခင် သတိုးစစ်ကား ဒီအဖြစ်တွေကို သေချာ မသိခဲ့ရပေ။ မိခင်မှ ဖုံးကွယ်ပေးထားခဲ့သည်။ ဒီလိုနဲ့ တရက်မှာတော့ မင်းနန္ဒ ပျောက်သွားခဲ့သည်။ ပြန်မလာတော့ပေ။ မိချောင်းတွေအားလုံး အပြင်ထွက်ပြီး ရှာကြသည်။ ဖခင် သတိုးစစ်ကိုယ်တိုင် မိမိပိုင်ဆိုင်သော သိဒ္ဓိဓာတ်လုံးဖြင့် ရှာဖွေကြည့်သည်။ အမြင်အာရုံထဲတွင် အရိုးစုသာ မြင်နေရသည်။ မယုံကြည်ချင်ပေ။ တွေ့အောင် ရှာကြည့်ချင်သေးသည်။ တရက်တရက်နှင့်ရှာရသည်သာ မောလာသည်။ တခြားမိချောင်းတွေကလည်း ငြူစူချင်လာကြသည်။ သို့အတွက်ကြောင့် သတိုးစစ်ကိုယ်တိုင် အပင်ပန်းခံရှာဖွေပေတော့သည်။
------------------×------------------×------------------
`` ပိုက်မပြဲစေနဲ့ကွ…………. ကြိုးကွင်းစွပ်လိုက်ကွာ………``
``ဟေး …….. ရပြီ ရပြီ……… ပါးစပ်ကို အဓိက ချုပ်ထား…………``
``အမြီးကို သတိထားနော်……….. ဒီကောင် သိပ်သန်တယ်………``
``ဘယ်ဘက် လက်ဖျံအောက်ကို မှိန်းထိုးလိုက်ကွာ………``
``၀ုန်း………၀ုန်း``
ရုန်းရင်းဆန်ခတ် အသံတွေဆူညီနေသည်။ လှိုင်းဂရက်တွေလည်း မြင်မကောင်းအောင် ထနေသည်။ သူနိုင်ကိုယ်နိုင် အပြိုင်အဆိုင် အသက်ကို လုနေကြရသည်။
``၀ုန်း….ဒုန်း``
နောက်ဆုံးသော ပင့်သက်နဲ့အတူ အမြီးကို ရိုက်ချလိုက်ချိန်မှာတော့ ချောင်းနံဘေး ကမ်းစပ်မှာပေါက်နေသည့် သရက်ပင်ကို ထိရိုက်မိကာ ပင်စည်ကျိုးကျသွားသည်။
အသက် ၂၀ ကျော် ကာလသား တသိုက်ရဲ့ ဖမ်းဆီးမှုအောက်မှာ ရုန်းမထွက်နိုင်တော့ပဲ ငြိမ်သက်ကျသွားတဲ့ မိချောင်းကို ကမ်းပေါ်သို့ ဆွဲတင်လာကြသည်။
``ဒါကြီးကို အိမ်ကို ဘယ်လို သယ်ကြမလဲကွ……….``
``ရေထဲကနေပဲ လှေနဲ့ဆွဲမယ်ကွာ……….``
``ငါတော့ ကြောက်တယ်ကွ……….. သူ့အနောက်ကနေ တခြားအကောင်တွေ လမ်းကြောင်းရှာ လိုက်လာမှဖြင့် တမိသားစုလုံးပါ ထိခိုက်ကုန်ဦးမယ်………..``
``ဒါဆိုရင် ဒီမှာ ပေါ်ပြီး ခွဲပြီး လှေနဲ့ သယ်မယ်ကွာ……….``
``ဟေ့ကောင်တွေ…… ဒီနေရာက ရွာနဲ့ဝေးတယ်…… ဘေးမှာကလည်း အချိန်မရွေး အန္တရာယ်လာနိုင်တယ်… ရွာမှာက လူတွေနဲ့……….. တခုခုဆိုရင် အားလုံး ၀ိုင်းပြီး ဖြေရှင်းလို့ရတယ်………. ရွာကိုပဲ သယ်မယ်…….. ရေထဲကို ပြန်ချလိုက်….. လှေနဲ့ဆွဲပြီးသယ်မယ်……… အားလုံး ၀ိုင်းလှော်ရင် ရောက်မှာပဲ…….. အချိန်မရှိဘူး မှောင်တော့မယ် မြန်မြန် လုပ်ကြ……….``
ကာလသားတွေထဲမှာ အသက်အကြီးဆုံး ကိုထွန်းကျော်က အမိန့်သံပါပါနဲ့ ခပ်ဆတ်ဆတ်ပြောလိုက်တော့ အားလုံးက ရေထဲချပြီး သယ်ဖို့ ပြင်ဆင်ကြပါတော့သည်။ အားလုံး တက်ညီလက်ညီ လှော်ခတ်လို့ အိမ်ကို ပြန်ခဲ့ကြသည်။
------------------×------------------×------------------
``ဟာ…….. ဒီကောင်လေးတွေ မလုပ်သင့်တာတွေ လုပ်လာပြီ………. ဒုက္ခတော့ များကုန်တော့မှာပဲ……..``
``ဒီကောင်တွေ စည်းဖောက်လာပြီဟ….. ငါတို့က ငါးကိုသာဖမ်းတာကွ……… ဒီနယ်မှာ မိချောင်းမသတ်ရဘူးဆိုတာ မသိဘူးလာဟေ……..စိတ်ညစ်ပါတယ်ကွာ………. ဒုက္ခတော့ ဖြစ်ကုန်တော့မယ်………``
တယောက်တပေါက်နဲ့ ရွာထဲက လူကြီးတွေက လူငယ်တွေကို ၀ိုင်းဆူကြသည်။ ထိုအထဲတွင် စကားတစ်ခွန်းမှ မပြောပဲ ခပ်ပြုံးပြုံးနှင့် ကွမ်းမြုံ့နေသော ဆရာကြီးဦးယက္ခကိုတော့ လူငယ်တွေ သတိထားမိကြသည်။
``ဟေ့ကောင်………ဆရာကြီးကို ကြည့်ရတာ အကြံအစည်ရှိပုံရတယ်…. သူတခုခု လုပ်ပေးနိုင်မယ် ထင်တယ်ကွ……..``
အားလုံး အလျှိုလျှိုနဲ့ အိမ်ထဲကို ပြန်ဝင်သွားကြပါပြီ။ ဆရာကြီး ဦးယက္ခ၊ လူကြီးတချို့နှင့် ကာလသားတချို့သာ ကျန်နေခဲ့ကြသည်။ ဒီအချိန်တွင် ဆရာကြီးက မိချောင်းအသေကောင်ကိုကြည့်ရင်း …
``များမကြာမီရက်အတွင်းမှာ သူ့အဖေလိုက်ရှာလိမ့်မယ်………. သူ့အဖေဆီမှာ မိချောင်းတို့ရဲ့ သိဒ္ဓိပါတ် ဓာတ်လုံးပါလာလိမ့်မယ်……. မိချောင်း သိဒ္ဓိရှင် လက်စွပ်လည်း ပါလာလိမ့်မယ်…….. အဲဒါကို ငါတို့က ရအောင် ယူနိုင်ခဲ့ရင် မိချောင်းသိုက်ကို တူးလို့ရနိုင်မယ်။ အဲဒီမှာ အဖိုးတန် လက်ဝတ်ရတနာတွေ ရှိမယ်`` လို့ ပြောပါသည်။ ဆရာကြီးပြောစကားကို အမှတ်ရသူလည်း ရှိမယ်။ မရသူလည်း ရှိမယ်။ မေ့မေ့ပျောက်ပျောက်နဲ့ နေလာခဲ့ကြတာ တပတ်ကျော် ကာလမှာတော့…………။
------------------×------------------×------------------
သာမန် ရှေးရိုးဝတ်စားမှု ပုံပန်းသဏ္ဍာန်မျိုးနှင့် ခန္ဓာကိုယ်အချိုးစားပိုင်ရှင် သူစိမ်းယောက်ျားကို ဒီနေ့ ရွာထဲမှာ မြင်နေရသည်။ ရေရေရာရာမရှိပဲ ဟိုကြည့်ဒီကြည့်ဖြင့် ယောင်လည်လည် သူစိမ်းယောက်ျားကို လူတွေ နည်းနည်း သတိထားမိလာကြသည်။ တယောက်စကား တယောက်နားနှင့် ဆရာကြီး ယက္ခနားကို ရောက်သွားသည်။ ဆရာကြီး ဦးယက္ခလည်း သိလိုက်ပါပြီ။ မည်သူမည်ဝါဆိုတာ အတိအကျ ကြိုတင်သိနှင့်ထားပါသည်။ သေချာအောက် လိုက်ကြည့်သည့် သဘောမျှသာ ရှိလေ၏။ ထိုလူစိမ်း၏ ညာဘက်လက် လက်သန်းကြွယ်မှာတော့ မိချောင်းပုံစံ အမြီးနဲ့ခေါင်းနဲ့ ပြန်ဆက်ထားသော လက်စွပ်ကို ၀တ်ဆင်ထားသည်။ မျက်လုံးနေရာမှာ ပတ္တမြား ၂ လုံး တပ်ဆင်ထားသည်။ ဒီလက်စွပ်ကို မြင်ကတည်းက ဦးယက္ခ မျက်လုံးတွေ အရောင်တောက်နေသည်။ သူစိမ်းယောက်ျားကလည်း သာမန်လူတော့ မဟုတ်ပေ။ ဦးယက္ခနှင့် မျက်လုံးခြင်းဆုံမိချိန်တွင် စိန်ခေါ်သူတို့ မျက်လုံးမျိုးဖြင့် အစွမ်းရှိမှတော့ ယှဉ်ပြိုင်ဖို့ဝန်မလေးဘူးဟု အဓိပ္ပါယ်ဆန်ဆန် မျက်လုံးမျိုးတွေဖြင့် အပြန်အလှန်ကြည့်နေကြသည်။ လူတွေကို စေ့စေ့လိုက်ကြည့်နေရင်းကနေ ကိုထွန်းကျော်ကိုလည်း မြင်ရော ချက်ချင်းလက်ငင်းပင် ဂုတ်ကကိုင်ပြီး ကျွမ်းတပတ် လေထဲတွင်ထိုးလိုက်ကာ ကိုထွန်းကျော်ကို နံဘေးရှိချောင်းရေထဲသို့ ဆွဲချသွားသည်။ ကိုထွန်းကျော်လည်း မမှတ်တမဲ့ဖြင့်ပင် ရုန်းကြည့်သေးသည်။ အားချင်းပင် မမျှပေ။ ရေထဲသိုရောက်သည်နှင့် သူစိမ်းယောက်ျားသည် ကိုထွန်းကျော်နှင့်အတူ ရေအောက်မှာပင် ပျောက်ကွယ်သွားသည်။ ရေပြင်လည်း ငြိမ်သက်ကျသွားသည်။ ကိုထွန်းကျော်ကိုကား ပြန်မမြင်ရတော့ပေ။ ဆရာကြီး ဦးယက္ခကတော့ သူစိမ်းယောက်ျားကို နောက်တကြိမ်ကြုံကြိုက်ရင် ဖမ်းနိုင်ဖို့ လိုအပ်သည်များကို ပြင်ဆင်နေပေတော့သည်။
------------------×------------------×------------------
များမကြာမီ တပတ်မှာတော့ ရွာအနားကို အ၀တ်အစားရောင်းသည့် လှေတစင်းကပ်လာသည်။ လှေပေါ်တွင် မိန်းမ၀တ် အသုံးအဆောင်ပစ္စည်းတွေ အတော်စုံလှသည်။ မျက်စိကျအောင် လှပသည့် ပစ္စည်းတွေနဲ့အတူ လှေပေါ်တွင် ကုန်သည် လုလင်တစ်ဦးလည်း ပါလာသည်။ ထိုသူက ရွာတွင် စတည်းချပြီး ပစ္စည်းရောင်းရန် ရွာလူကြီး ဦးဒီပထံ ခွင့်တောင်းသည်။ ရွာလူကြီးကလည်း ခွင့်ပြုလိုက်သည်။ အရပ်ထဲ ရွာထဲက မိန်းမသားအားလုံး ကမ်းကပ်ထားသည့် ထိုလှေပေါ်တက်ကာ ပစ္စည်းများ ကြည့်ကြရှုကြ၊ ၀ယ်ကြ၊ ၀တ်ကြနဲ့ ပျော်နေကြသည်။ ရှိစုမဲ့စုများဖြင့် အခုလို အလှအပ အသုံးအဆောင်ပစ္စည်းများကို ၀ယ်ယူနိုင်ကြသဖြင့် ကိုတံငါတို့ရဲ့ ချစ်ဇနီးများ အပြုံးဝေနေသော အချိန်လည်း ဖြစ်ပေ၏။
          ဒီနေ့ညနေ နေ၀င်ရီတယောအချိန်မှာတော့ ထိုလှေကို နောက်ဆုံးသွားရောက်ခဲ့သည် နောက်ဆုံး ဈေးဝယ်သူမှာ ကိုထွန်းကျော်၏ ဇနီးလေး မိအေးပင် ဖြစ်လေတော့သည်။ မိအေး လှေပေါ်အရောက်မှာတော့ နေလည်းဝင်ပြီ။ အမှောင်လည်း အတိဖုံးလေပြီ။ လှေလည်း ရုတ်တရက် ထူးဆန်းစွာပင် ပျောက်သွားခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ရေပြင် ငြိမ်သက်နေပြီး လှေကိုပင် မမြင်လိုက်ရအောင် ပျောက်ချင်းမလှ ပျောက်ခဲ့ရသည်။ ရွာလူကြီး ဦးဒီပကို အကြောင်းကြားပြီး ရွာသူရွာသားများ နီးစပ်ရာလှေများဖြင့် လိုက်လံရှာဖွေကြသည်။ အရိပ်အယောင်ပင် မမြင်ရပေ။ ဦးယက္ခမှာတော့ ခေါင်းတညိတ်ညိတ်ဖြင့်..
``ဒီကောင် နောက်တခေါက် ထပ်လုပ်သွားပြန်ပြီကိုး……… ငါ့နယ်ထဲဝင်ပြီး လုပ်နေတာ ၂ ကြိမ်ရှိပြီ…. ဒီတခါတော့ ဒင်း ငါ့အကြောင်းသိစေရမယ်……….`` ကြိမ်းဝါးသံ သဲ့သဲ့ဖြင့် ကမ်းနဖူးကနေ ပင်လယ်ပြင်ဘက်ဆီကို လှမ်းအော်နေသံ ကြားခဲ့ရသေးသည်။
------------------×------------------×------------------
ရွာမှာ ထူးထူးဆန်းဆန်းတွေ ဖြစ်နေသည်။ ဒီတလောမှာ ထူးဆန်းသည်က အရင်ကလို ပူဇော်ပသခြင်းတွေ အသံတိတ် ပျောက်ဆုံးနေခြင်းပင် ဖြစ်သည်။ ထိုသို့ ပျောက်ဆုံးခြင်းနှင့်အတူ ဦးယက္ခရဲ့ နောက်မှာလည်း ကာလသားတွေနဲ့ ခေါင်းတိုက်ကာ တီးတိုးတိုင်ပင်ခြင်းတွေ ရှိနေခဲ့ကြသည်။ ဒီနေ့မှာတော့ ရွာထဲမှာ သူစိမ်းယောက်ျားတစ်ယောက်ကို မနက်လင်းကတည်းက မြင်တွေ့နေရသည်။ ကလေးကစားစရာတွေ ရောင်းသည့် ဈေးသည်ပုံစံမျိုးဖြစ်နေသည်။ ဒါကို မြင်ကတည်းက ဦးယက္ခသိလိုက်ပါပြီ။ ကိုထွန်းကျော်ရဲ့ သားလေးအတွက် စိုးရိမ်လာသည်။ ကိုထွန်းကျော်ရဲ့ သားကလေးကို ဓားစားခံလုပ်ပြီး ဒီလူစိမ်းကို အမိဖမ်းဖို့ ဦးယက္ခ ကြံစည်ပါတော့သည်။ ရွာက လူငယ်တွေကို ခြေရာဖျောက်ပြီး နေရာတကျ စောင့်နေခိုင်းပါတယ်။ ပြီးတော့ မှိန်း၊ ကြိုး၊ ပိုက်ကွန်၊ အစရှိသဖြင့် လက်နက်ကိရိယာအစုံအလင်တွေကိုပါ ပြင်ဆင်ထားပါတယ်။ ပြီးနောက်မှာတော့ ကိုထွန်းကျော်သားလေးကို ဗန်းပြပြီး ညွတ်ကွင်းကို မျှားခေါ်လာပါတယ်။ ညွတ်ကွင်းဟုဆိုသည်မှာလည်း တံငါသည်အများစု လှေပေါက်ဖာ၊ ငါးစိမ်းလှမ်း၊ ပိုက်ကွန်လှမ်းရာ မြေကွက်လပ်ကျယ် တနေရာဖြစ်ပြီး ဖိုခနောက်ဆိုင် မန်ကျည်းပင် သုံးပင်ကလည်း အကွာအဝေးညီစွာ ပေါက်နေပြန်သည်။ ညွှတ်ကွင်းရောက်တော့မှ ကလေးကို လွတ်အောင် ပထုတ်လုပ်ပြီး သူစိမ်းကို ကွန်အုပ်၊ ကြိုးတုပ်ပြီး ဖမ်းလိုက်ပါတော့တယ်။ သို့သော် လျင်မြန်ဖြတ်လျက်သော သူစိမ်းယောက်ျားသည်ကား အပေါ်မှာ ကျလာသော ကွန်ကို ရှောင်တိမ်းပြီး ဘေးမှ အမှတ်မထင် ပြေးဝင်လာသော ကြိုးကွင်းကို လက်ပြန်ဖြင့် ဖမ်းလိုက်ပါတယ်။ ပြီးနောက် ကြိုးပေါ်မှာ တပတ်ကျွမ်းထိုးလိုက်ပြီး ကြိုးကို ဆောင့်အဆွဲမှာတော့ ကြိုးနဲ့အတူ ကာလာသားတစ်ယောက် ပါလာသည်။ အချိန်ကိုက် မောင်းဖြုတ်လိုက်သော ၀ါးချွန်တွေကလည်း သူစိမ်းရှိရာကို ပြေးဝင်လာပါသည်။ သူစိမ်းယောက်ျားမှာ မြေပြင်မှ ခြေစုံတစ်ချက်ခုန်လိုက်ပြီး ၀င်လာသော ၀ါးချွန်များကို ရှောင်တိမ်းကာ နောက်ပြန်ကျွမ်းထိုးပြီး လက်ဖနောင့်ဖြင့် ရိုက်ချလိုက်ပါသည်။ ဦးယက္ခ စိတ်နည်းနည်း အိုက်သွားပါပြီ။ တော်ရုံနဲ့ ဖမ်းမရမှန်း သိလိုက်ပါပြီ။ ဒီပွဲမှာ သူရှုံးပြန်ရင် သူ့အသက်ပါ ဒီနေရာတွင် ဇီဝိန်ကြွေသွားနိုင်သည်ကို သိထားသည်။ ထို့ကြောင့် နောက်ဆုံး နည်းလမ်းသုံးရပေတော့သည်။ အသင့်ပါလာသော ကြေးခွက်ကလေးထဲက အဖြူမှုန့်များ ထုတ်ကာ လူစိမ်းရှိရာကို အမှတ်မထင် ပစ်ပေါက်လိုက်သည်။ အမှုန့်များ ဖြစ်သဖြင့် လိုရာကို မရောက်နိုင်ပေ။ သို့သော် လေထဲမှ အမှုန်အငွေ့များ ရောနှောသွားပြီး ရှူမိချိန်တွင် သူစိမ်းယောက်ျား မိုက်ခနဲ ဖြစ်သွားသည်။ ခြေလှမ်းတွေ မှားလာသည်။ ဒါကို အခွင့်ကောင်းယူပြီး ဘေးမှ ကြိုးကွင်းတကွင်းဝင်လာသည်။ အလားတူ ဆန့်ကျင်ဘက် အရပ်မှလည်း ကြိုးကွင်းတကွင်း ထပ်မံ ၀င်ရောက်လာသည်။ သေချာတဲ့ အနေအထားတစ်ခုကို ရောက်ရှိချိန်တွင်မှ ကာလသား နှစ်ယောက် ခုန်ဝင်ကာ ရင်ဝကို ဖနောင့်တစ်ချက်စီကန်သွင်းလိုက်ကြ၏။ ပြီးနောက် တံခေါက်ကွေးကို နင်းကာ ဒူးထောက်ထားသည့် ပုံစံအဖြစ် နေစေပြီး ကြိုးဖြင့် တုပ်ပါတော့သည်။ ဦးယက္ခမှလည်း ဘယ်ဘက်လက် လက်သန်းကြွယ်မှ မိချောင်း သိဒ္ဓိရှင်လက်စွပ်ကို ချွတ်ယူနေပါတယ်။  လက်မှ ကျွတ်ချိန်မှာတော့ ရုတ်တရက် လျှပ်စီးတွေ ဖြာခနဲဖြစ်သွားသည်မှာတော့ ထူးဆန်းလှသည်။ ကောင်းကင်တခွင်လုံး နေ့ခင်းပမာ လင်းလက်သွားခဲ့သည်။ ဖမ်းအပြီးမှာ အစီအရင်ပါသော ရေနှင့် ဦးယက္ခက ထိုလူစိမ်းကို ဖျန်းလိုက်တော့ လူအသွင်ကနေ ချက်ခြင်းပျောက်ပြီး ဧရာမ မိချောင်းအသွင်ကို ချက်ခြင်းပြောင်းလဲသွားပါတော့တယ်။ အဲဒီအချိန်မှာတော့ ပြင်ဆင်ထားတဲ့ မှိန်းတွေ ခက်ရင်းခွတွေနဲ့ ပုန်းကွယ်နေတဲ့ ကာလသားတွေ အမှတ်မထင် ခုန်ဝင်လာပြီး ထိုးစိုက်လိုက်ကြပါတယ်။ အဲဒီ ပတ်ချာလည်က သစ်ပင်တွေအားလုံး ပြိုလဲကုန်ပါတယ်။ နာကျင်တဲ့ ဝေဒနာနဲ့အတူ ရုန်းကန်နေတဲ့ မိချောင်းရဲ့ သွင်ပြင်လက္ခဏာမှာလည်း အသက်သာ အဆုံးခံသွားမည်။ ကျေနပ်မှုတစုံတရာမရှိသေးပဲ ဒေါသတွေ အလိပ်လိုက်နဲ့ တိုက်ပွဲဝင်မည့် အနေအထားမှာပဲ ရှိနေပါသေးတယ်။ မိချောင်းကြီးမှလည်း ရုန်းကန်လိုက်၊ လူတွေကလည်း ထိုးသတ်လိုက်နဲ့၊ ၃ နာရီခန့်အပြီးမှာတော့ မိချောင်းကြီး ငြိမ်သက်သွားပါပြီ။ တဖြည်းဖြည်းချင်း ငြိမ်သက်သွားခြင်းနှင့်အတူ အသက်ဇီဝိန်ချုပ်သွားသော မိချောင်းကြီးအနားကို ဦးယက္ခကြီး ကပ်ပြီး သေချာကြည့်သည်။  မျက်ခွံကို လှန်ကြည့်သည်။ ပြီးနောက် ပါးစပ်ကို ဒုတ်ချောင်းထောက်ပြီး ဖွင့်သည်။ မရပေ။ ကာလသား ၁၃ ယောက်လောက် ၀ိုင်းမမှ ပါးစပ်နည်းနည်း ပွင့်လာသည်။ ကြိုးစားပြီး ဖွင့်ကြသည်။ ပွင့်သွားပါပြီ။ မိချောင်းသိဒ္ဓိဓာတ်လုံးကို ရှာကြည့်သည်။ အနောက်ဆုံး အံသွားရဲ့ အောက်ဘက်မှာ ကပ်လျက်သား တွေ့လိုက်ရသည်။ ဦးယက္ခမျက်လုံးတွေ ၀င်းခနဲ လင်းလက်သွားသည်။ သူလိုချင်တာကို ရပြီးသည့်နောက် ဘယ်သူ့ကိုမှတောင် လှည့်မကြည့်တော့။ အရူးတစ်ယောက်ပမာ ပါးစပ်မှလည်း ရွတ်ဆိုခြင်းတစ်ခုခုကို ရွတ်ဆိုပြီး အဝေးကို ထွက်သွားပါပြီ။ သူထွက်သွားရာ လမ်းကြောင်းတစ်လျှောက်ကို ကြည့်လိုက်ပြန်တော့လည်း မြေသားလမ်းမဟုတ်ပဲ ရေပြင်တလျှောက်ပေါ်ကို လမ်းလျှောက်လျက်သား ထွက်ခွာသွားချင်းသာ ဖြစ်ပေတော့သည်။ သူထွက်သွားရာလမ်းသည်ကာ ဗေဆုံရွာကလေး၏ အရှေ့စူးစူး အရပ်သာ ဖြစ်ပေတော့သည်။ များမကြာမီကာလများတွင် ဗွေဆုံရွာ အရှေ့ပိုင်းမှ လှမ်းမျှော်ကြည့်လျှင် မြင်နေကျ ကျွန်းကလေးပေါ်မှာတော့ ညဆိုလျှင် အလင်းရောင် တစုံတရာဖြင့် အလွန်လှပသော အရောင်များကို မြင်နေရပေသည်။ ကာလသားတွေကတော့ လက်ညှိုးညွှန်ကာ ပြောကြသည်။ ဦးယက္ခကြီး အဲဒီမှာ ရှိသည်တဲ့….။
------------------×------------------×------------------
စုနန္ဒီတစ်ယောက် ဒေါသပုန်ထနေတော့သည်။ လင်လည်ဆုံး၊ သားလည်းဆုံးဘ၀မှာ မပဋာ မြေလူးသည့်ပမာ ခံစားနေရှာသည်။ ကတိသစ္စာရှိနေချိန်တုန်းက အေးချမ်းခဲ့သည့် လူသားများနဲ့ မိချောင်းများကြားမှာ ငြိမ်းချမ်းခဲ့ရသည်။ အခုတော့တွင်သည်ကား မငြိမ်းချမ်းနိုင်ပေတော့။ လူသားတွေရဲ့ ကတိသစ္စာပျောက်ဆုံးခြင်းနှင့်အတူ ဆုံးရှုံးခဲ့ရသော လင်နှင့်သားအတွက် လူသားတွေ ဘာတွေ အလျော်ပေးနိုင်မလဲ။ ဒေါသတွေ၊ ပူဆွေးခြင်းတွေ အတိုင်းအဆမဲ့  ဖြစ်လာခဲ့ပြီ။ ကြွေးကြော်သံနဲ့အတူ မိုးသားတွေ ညို့ခနဲ တစ်ချက်ဖြစ်သွားသည်။ ညနေနေ၀င်ချိန် မှောင်ရီပျိုးချိန်မှာ မိုးတွေ ရွာလာပါပြီ။ တဖွဲဖွဲကနေ ပိုပြီး သဲလာပါပြီ။ ရေလှိုင်းတွေကြီးလာပါပြီ။ လေတွေလည်း ထန်လာပါပြီ။ ဒေါသတွေကို မုန်တိုင်းအဖြစ် ပြောင်းလဲဖန်ဆင်းလိုက်ပါပြီ။ ဦးတည်ချက်တွေက လင်ရောသားပါ ဆုံးရှုံးခဲ့ရတဲ့ ရွာလေးဆီကို ဦးတည်လာပါပြီ။ အတိုင်းအဆမရှိ ရင်တွင်းခံစားချက်နဲ့ တပ်တူညီစွာ တိုက်ခက်လိုက်တဲ့ လေ၊ ရေ၊ မိုးတွေက ရွာလေးကို ဖုံးလွှမ်းပြီး လူတွေကိုလည်း အဝေးဆုံးကို လွှင့်စင်သွားလောက်အောင် ပြင်းထန်လှသည်။ လေတိုက်ခတ်ရာ လမ်းကြောင်းနှင့် လှိုင်းလုံးတွေကတော့ ဗွေဆုံရွာကလေးဆီသို့ ဦးတည်လာပါပြီ။ ညသန်းခေါင်ယံအချိန်မို့ အားလုံး အိပ်မောကျနေခဲ့ပါပြီ။ ပင်လယ်ထဲမှ ပေ ၃၀ ခန့်မြင့်မားလှတဲ့ လှိုင်းလုံးကြီးတွေကို လေတွေက ဦးဆောင်ကာ ဗွေဆုံရွာဆီသို့ ခေါ်ဆောင်လာခဲ့ပါပြီ။ တခဏချင်းမှာပင် ဗွေဆုံရွာသည်လည်း ရေလှိုင်းများအောက်တွင် ပျောက်ကွယ်သွာခဲ့ပါပြီ။ လူသားတွေလည်း ရေနှင့် လေနှင့်အတူ တကွဲ တပြားစီ လွင့်စင်ထွက်ကြပါပြီ။ ဗွေဆုံရွာကလေး နိဂုံးချုပ်ရသလို ဗွေဆုံရွာကလေးမှ အရှေ့ဘက်စူးစူး မြင်နေကျ ကျွန်းကလေးသည်လည်း တခဏချင်းမှာပင် ပင်လယ်ရေအောက် ရောက်ခဲ့ရပါပြီ။
------------------×------------------×------------------
ကျွန်ုပ် ဗွေဆုံရွာကလေးကို ရောက်ရှိလာခဲ့ချိန်မှာတော့ အိမ်အဟောင်းတို့ရဲ့ တိုင်ရာ ငုပ်တိုလေး အစုလိုက် အစုလိုက်သာ မြင်တွေ့ခဲ့ရသည်။ ဗွေဆုံရွာဟောင်းနေရာရယ်သာ စကားအဖြစ် ပြောနိုင်ရုံသာ ရှိပေတော့သည်။ အရာအားလုံးသည် ဆိတ်သုဉ်းနေခဲ့ပြီ။ သို့သော် ဗွေဆုံရွာ၏ အရှေ့ဘက် ကမ်းစပ်မှာတော့ ဦးယက္ခ ရွာမှ ထွက်ခွာသွားချိန်မှာ ၀တ်ဆင်သွားသော အနက်ရောင် တိုက်ပုံ၊ မဟော်ဂနီရောင် အကွက် မာဖလာလေးကို ရေပေါ်တွင် ပေါလောလေးပေါ်နေသည်ကို မြင်ခဲ့ရသည်။ တစုံတခုဖြင့် တွယ်ငြိနေသယောင် ရေစီးဖြင့် မျောပါခြင်း မပြုပဲ တွယ်ကပ်နေသည်။ ဦးယက္ခရဲ့ ဇီဝိန်ကို စုနန္ဒာရအောင် အလျော်ယူသွားခဲ့လေပြီ။ တကယ်တော့ သစ္စာတရားဆိုသည်မှာ ဘာသာတရားရှိသည့် လူတွေအတွက်တင် မဟုတ်ပါဘူး။ ဘာသာမဲ့၊ အသိဥာဏ်မဲ့ တိရစ္ဆာန်၊ ပရလောကသားပင်လျှင် သစ္စာတရားကို နားလည်ရကောင်းမှန်း သိကြ၏။ လူတွေရဲ့ ကတိသစ္စာက ပျက်ယွင်းလာချိန်မှာ အစားထိုးပြုပြင်စရာမရှိတော့ပေ။
မင်းမှာကတိ၊ လူမှာ သစ္စာ
ဆိုရိုးစကား ရှိပါငြားလည်း
သစ္စာမဲ့သူ ထိုထိုလူသာ
ပေါများလာသည်
အာဂယောက်ျား
တို့လူအများတို့ သစ္စာရှိအောင်
အားထုတ်ကြံအံ့……..။

သားဦး (29.2.2012)

No comments:

Post a Comment