ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Thursday, July 19, 2012

နေပျောက်တဲ့နေ့.........

ဘလော့ဂ်ပေါင်းစုံမှာ အာဇာနည်နေ့နှင့် ပတ်သက်ပြီး အမျိုးမျိုးအဖုံဖုံရေးသားကြတာကို တွေ့မြင်ရပါတယ်။ ကျွန်ုပ်စိတ်ကူးထဲမှာလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားဂုဏ်ပြုချင်စိတ်တွေ ရှိခဲ့တယ်။ အဲဒါက အခုမှ မဟုတ်ပါဘူး။ (၁၉) ဇူလိုင်ကို ရောက်ခဲ့သည့်နှစ်တိုင်း ကျွန်ုပ်ရင်ထဲမှာ တကယ်ကို မြတ်မြတ်နိုးနိုး လေးလေးစားစားနဲ့ အလေးပြုခဲ့ပါတယ်။ အဲလို အလေးပြုခဲ့သလိုပါပဲ။ ရင်ထဲက  ဖြစ်ပေါ်လာတဲ့ အာဇာနည်တွေရဲ့ ကျဆုံးခဲ့လေသော ဇူလိုင် (၁၉)ရက်နေ့ကို ဂုဏ်ပြုပြီး ကဗျာလေးတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ရေးခဲ့တာ အတော်ကြာပါပြီ။ ပထမတော့ ဒီကဗျာလေးကို ကျွန်ုပ်ရဲ့ ကိုယ်ပိုင် မဂ္ဂဇင်းသို့မဟုတ်၊ အမှတ်တရ စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြချင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီဆန္ဒကို ချိုးဖြတ်ပြီး ဒီနေရာကနေ ဂုဏ်ပြုလိုက်ရပါတယ်။ အဲဒါကတော့                 နေပျောက်တဲ့နေ့...............

ခေါင်းဆောင်ပီသ    ပြိုင်စံမနှေး
နိုင်ငံအရေး    ရှုမျှော်တွေး
စုအော်ကြွေးလို့    လမ်းစဉ်သစ်
မှန်းခြင်စစ်လို့    ခေါင်းချင်းဆိုင်
သောင်းနင်းပြိုင်    သစ္စာဖောက်
မေတ္တာခေါက်လို့    ကြံရက်ပလေ
စံသက်မသွေ    ဗိုလ်အောင်ဆန်း
အိုအောင်မမြန်း    အမျိုးကန်း
အဆိုးဆန်းနဲ့    အသေခံ
မသွေစံ    ရဲဘော် ကိုး
နွှဲပျော်ကြိုးမယ့်    နိုင်ငံသစ်
ပြိုင်စံလှစ်လို့    ကျဆုံးခဲ့
အပြုံးမဲ့စွာ    သည်ဇူလိုင်
ကြည်ဖြူမြိုင်    မျက် မိုးရွာ
စက်စိုးစွာ    အသည်းကြွေ
အမြဲတစေ    ချဲ့တိုးမှတ်
ဆယ့်ကိုးရက်နဲ့    မူပိုင်ရ
ဇူလိုင်လရဲ့    နေပျောက်နေ့............။

သားဦး (၁၉.၇.၂၀၀၄)

ကဗျာအမျိုးအစားလေးကတော့ အချိုးလို့ ခေါ်ပါတယ်။ ဇူလိုင်လမှာ နိုင်ငံအတွက် နေမင်းပမာ ထွန်းလင်းခွင့်တွေ ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေကို ဂုဏ်ပြုပြီး နေပျောက်တဲ့နေ့လို့ အမည်ပေးခဲ့တာပါ။ ၂၀၀၄ ခုနှစ်က ရေးခဲ့တာဆိုတော့ ခေတ်မမှီတော့ဘူးလို့ ထင်ပါတယ်ဗျာ......။ ၈ နှစ်တောင် ကြာခဲ့ပြီကိုး.........။ ကျွန်ုပ်မှလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဒီကဗျာလေးနဲ့ အလေးပြုခဲ့ရပါပြီ........။ ချစ်မိတ်ဆွေ စာဖတ်သူအပေါင်းလည်း
ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု...............................

လေးစားလျက်
သားဦး

No comments:

Post a Comment