ဇာတ်ဆရာအလိုကျ ဘ၀စုံလှတဲ့ လူ့လောကမှာ လိုအပ်ချက်တွေ ပြည့်စုံနိုင်ပါစေလို့သာ တောင်းဆုချွေရင်း.......... စေတနာများစွာဖြင့် သိသမျှကို ဝေမျှလိုက်ပါတယ်............

Thursday, February 28, 2013

သင်၏စိတ်ဓာတ်ကို ပြောင်းနိုင်သလား..............



ကျွန်ုပ်တို့ရပ်ကွက်လေးက ဆယ်အိမ်စုအကွက်လေးမှာ ကျွန်ုပ် လူလားမြောက်ခဲ့ရပါသည်။ အဲဒီထဲမှာ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ မိသားစု ၉ စုကတော့ ကျွန်ုပ်နဲ့အတူတူ ဘ၀တူ လူတန်းစားတွေပါပဲ။ လက်လုပ်လက်စားနှင့် လခစားများသကိုးဗျ။ ကျန်နေတဲ့ ၁ စုက ကျွန်ုပ်တို့ မိသားစုကိုးဗျ။ အဲဒီအထဲမှာ ဘ၀စုံ အလုပ်စုံကို နေ့စဉ် ကျွန်ုပ် မြင်တွေ့ခဲ့ရပါတယ်။ အဲဒီအထဲမှာ ဦးဖိုးမောင်တို့ မိသားစုနဲ့ ကျွန်ုပ် တော်တော်လေးကို ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်နဲ့အတူတူ ကုမ္ပဏီမှာ အရောင်းစာရေးအဖြစ် ၀င်ရောက်လုပ်ကိုင်နေသူ သူငယ်ချင်း၂ ယောက်ကတော့ ဦးဖိုးမောင်ရဲ့ သားအငယ်ဆုံး ၂ယောက်ဖြစ်နေလို့ပါပဲ။ နေ့စဉ် အလုပ်မသွားခင် လမ်းထိပ်က လက်ဘက်ရည်ဆိုင်မှာ ထိုင်တဲ့အခါတိုင်း သူတို့အိမ်ရဲ့ နေ့စဉ်ဖြစ်ပျက်သမျှကို မခြွင်းမချန် ညီအစ်ကိုအရင်းသဖွယ် ပြန်ပြောပြတတ်တဲ့ ကျွန်ုပ် သူငယ်ချင်း ၂ ယောက်ကိုလည်း မမေ့နိုင်သေးပါဘူး။ အော် သူငယ်ချင်း ၂ ယောက်ဆိုလို့ အကြီးကောင်က ကိုဦး၊ အငယ်ကောင်က ကိုပိုင်ပါ။ အဲဒီ ၂ယောက်နဲ့ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး တကျောင်းတည်းတက်၊ ကစားအတူ စားအတူနဲ့ ညီအစ်ကို သူငယ်ချင်းဖြစ်ခဲ့ကြရတာပါ။ ကျွန်ုပ် ပြောချင်တာက သူတို့ မိသားစုလေး အကြောင်းပါ။ ဦးဖိုးမောင် (ပြန်တမ်းဝင် အငြိမ်းစား)နှင့် ဇနီး ဒေါ်ခင်ဌေး (မှီခို) အပါအ၀င် မောင်နှမ ၉ ဦး စုစုပေါင်း မိသားစု ၁၁ ယောက်ရှိတယ်။ ပင်စင်စားတစ်ယောက်ပီပီ သားသမီး လုပ်စာကို ထိုင်စားနေရတဲ့ ဘ၀မှာ အဆင်ပြေသလို ခြံဝင်းထဲ သီးပင် စားပင်လေး တနိုင်စာစိုက်ပြီး၊ ကြက်မတစ်အုပ်ကိုလည်း မွေးမြူထားသေးတယ်။ သူ့ရဲ့ အိမ်နီးချင်းကတော့ ခေါင်းရင်းအိမ်မှာ ငွေတိုး ချေးစားတဲ့ တရုတ်ကြီး ဦးကျင်ဟုတ်၊ ခြေရင်းအိမ်မှာတော့ ဗယာကြော်ရောင်းစားတဲ့ ဦးရာဂျက်တို့လင်မယား နေထိုင်ကြတယ်။ ဒါကတော့ သူတို့ရဲ့ ပတ်ဝန်းကျင်ပါ။ ကျွန်ုပ်အိမ်က သူတို့နဲ့ တခေါ်စာလောက် ဝေးနေပါသေးတယ်။


အဲ တစ်ရက်မှာတော့ ဦးဖိုးမောင်တို့အိမ်မှာ ရန်ဖြစ်ကြပါတယ်။ ရိုက်လားပုတ်လား မဖြစ်ပေမယ့် စကားသံတွေ တစ်ယောက်တစ်ပေါက်နဲ့ အသံကျယ်ကျယ်တွေ ဆူညံခဲ့ပါတယ်။ အချိန်တန်တော့ ရန်ပွဲပြီးသွားကာ အသံများ တိတ်ဆိတ်ခဲ့သည်။ နောက်တစ်နေ့ မိုးလင်းချိန်မှာတော့ ကျွန်ုပ်လည်း အလုပ်သွားဖို့ရာ ပြင်ဆင်ပြီး လက်ဘက်ရည်ဆိုင်မှ ကိုဦးနှင့် ကိုပိုင်ကို စောင့်ရင်း လက်ဘက်ရည် သောက်နေခဲ့သည်။ ထိုနေ့ မနက်က ကိုပိုင်တစ်ယောက်ပဲ အလုပ်ကို ကျွန်ုပ်နဲ့အတူတူ လိုက်ဆင်းသည်။ ကိုဦးကား ထိုနေ့က အလုပ်ပျက်သည်။ ဘာကြောင့်အလုပ်ပျက်သည်ကို ကျွန်ုပ်သည်လည်း အားနာလှသဖြင့် ကိုပိုင့်အား မမေးဖြစ်။ မနေ့က ရန်ဖြစ်တဲ့ ကိစ္စနဲ့ ကိုဦးအလုပ်ပျက်ခြင်း ပတ်သက်မည်ဟုလည်း ယူဆသဖြင့် မမေးဖြစ်ခြင်း ဖြစ်သည်။ ညနေပိုင်း အလုပ်ဆင်းချိန်မှတော့ ကျွန်ုပ်တို့ နှစ်ဦး ငြိမ်းချမ်းရေး လက်ဘက်ရည်ဆိုင်မှာ အတူတူ ထိုင်သောက်ရင်း ကိုပိုင်မှ စကားစလာပါသည်။ မနေ့က ရန်ဖြစ်ရသည့် အကြောင်းရင်းကို ပြောပြချင်သဖြင့်လည်း ဖြစ်သည်။ ညီအစ်ကိုလို ရင်းနှီးခဲ့ကြတော့လည်း တစ်ယောက်အကြောင်း တစ်ယောက်အသိဖြစ်သဖြင့် သူဖွင့်ဟလာချိန်မှာ ကျွန်ုပ်ကလည်း လမ်းကြောင်းပေးပြီး အကျိုးသင့် အကြောင်းသင့် စကားများပြောရန် အဆင်သင့်ဖြစ်နေပါပြီ။ ဖြစ်ပုံက ဒီလိုဗျ…………..။


ကိုပိုင်ရဲ့ (၅) ယောက်မြောက် အစ်ကို စစ်သား ကိုအောင်မင်းတစ်ယောက် တာဝန်မှ ခွင့် (၂) ရက်ရပြီး အိမ်သို့ ခေတ္တပြန်လာချိန်ဖြစ်သည်။ အိမ်မှာ အမြင်မတော်တာတွေကို စစ်သားပီပီ အမိန့်သံနဲ့ အလိုမကျတာတွေ ပြောနေသည်။ ဦးဖိုးမောင်ကတော့ ခပ်မဆိတ်နေလျက်။ ခြေရင်းဘက် ခြံစည်းရိုးတွေ ပျက်ယွင်းနေသည်ကို ကိုအောင်မင်း ဒေါသသံဖြင့် ပြောနေသည်။ အမှန်စင်စစ်အားဖြင့် ခြံစည်းရိုး ယိုင်နဲ့ခြင်းကို အခွင့်ကောင်းယူပြီး ဦးဂျာရက်တို့ဘက်မှ မြေကို နည်းနည်းချင်းယူသလိုဖြစ်နေသည်ကို ဆိုလို၍ ပြောနေခြင်းဖြစ်သည်။ ဖခင် ဦးဖိုးမောင်ကိုယ်တိုင်က နှုတ်ဆိတ်ဆိတ်နေပြန်တော့ ကိုအောင်မင်း ဒေါသကို ဆွသလိုလို ဖြစ်နေသည်။ အဲဒီအချိန်မှာ ဖြစ်ချင်တော့ အစ်မနံပါတ် (၆) မိပုံ့ကိုလည်း အိမ်ကို ဈေးရောင်းပြီး ပြန်တဲ့အချိန်ဖြစ်သည်။ ဈေးသည်ပီပီ ပါးစပ်ကလည်း ပေါက်ကရပြောတတ်သည်။ ဈေးရောင်းမကောင်းချိန်မှာ နေ့ပြန်တိုးပေးဖို့ မလောက်ငှသဖြင့် စိတ်မကြည်လင်ချိန် ကိုအောင်မင်း စကားတွေ ပွစိပွစိပြောနေပြန်တော့ စိတ်ဆိုးဆိုးဖြင့် ထအော်လိုက်သည်။ ကိုအောင်မင်းလည်း မိသားစုအချင်းချင်း စကားများမှာဆိုးသဖြင့် ခေတ္တငြိမ်သက်သွားသည်။ ဒေါသကို လျှော့ချလိုက်သည်။  ညပိုင်း အိမ်မှာ လူစုံလို့ ထမင်းဝိုင်းမှာ ထမင်းစားချိန်မှာတော့ နေ့ပြန်တိုးအတွက် ခေါင်းရင်းအိမ်မှ ဦးကျင်ဟုတ်ကြီး ရောက်ချလာသည်။ မိပုံ့လည်း ကဗျာကယာ ပိုက်ဆံအိတ်လေးယူပြီး အိမ်ပေါက်ဝကို ဆင်းပြေးသွားသည်။ ပြီးတော့ ဒီနေ့ ဈေးရောင်းမကောင်းလို့ မပြေလည်သည့်အကြောင်းကို အကျိုးသင့်အကြောင်းသင့်လေး ရှင်းပြနေရှာသည်။ ဦးကျင်ဟုတ်ကလည်း တရုတ်ပီပီ စီးပွားတွက်တွက်ပြီးသား။ အတိုးကလည်း အရင်အကြွေးနဲ့ဆို များသတဲ့ များလာတော့ မိပုံ့ကို ပြောသတဲ့။ နင့်ညီမရဲ့ အပ်ချုပ်စက်ကို ငါသိမ်းလိုက်တော့မယ်။ အကြွေးနဲ့ချေတဲ့ သဘောပေါ့။ မိပုံ့ကလည်း သူ့ညီမ အပ်ချုပ်စက်ကလေးမို့ သူကလည်း မပေးချင်။ အဲလိုဆိုပြန်တော့ အိမ်အောက်က ကြက်တစ်အုပ်ကို ဦးကျင်ဟုတ် မျက်စောင်းထိုးတယ်။ အဲဒီ ကြက်မအုပ်ကို သူယူပြီး ပိုက်ဆံပေါ်အောင် လုပ်မတဲ့။ အဲဒီတော့ ဦးဖိုးမောင်ကို မိပုံ့လှမ်းကြည့်လိုက်တယ်။ ဦးဖိုးမောင်ကလည်း ပင်စင်စားဆိုတော့ သားသမီးအရေးကို မတတ်သာတော့ပေ။ ခေါင်းညိတ်ပြလိုက်သည်။ ဦးကျင်ဟုတ်ကလည်း ခပ်သာသာပဲ။ ကြက်တစ်အုပ်ကို အကုန်ဖမ်းပြီး ခြေထောက်တွေ ကြိုးတုပ်ခေါ်သွားတယ်။ မိပုံ့လည်း အသာအယာ အိမ်ပေါ်တက်လာချိန်မှာတော့ နံပါတ် (၄)အစ်ကို ရဲတပ်သား ကိုခင်မောင်ကလည်း အိမ်ကို ပြန်ရောက်လာတယ်။ သူကလည်း ရဲပီပီ အသောက်အစားလေး နည်းနည်းနဲ့ ခပ်ထွေထွေလေး ဖြစ်နေချိန်ပေါ့။ အိမ်ကို ရောက်ရောက်ချင်း ဒီသတင်းကြားတော့ ယမ်းအိုးကို မီးပျိုးသလို ဖြစ်သွားတယ်။ အဲဒါနဲ့ မိပုံ့ကို မေးတယ်။ နင်ဈေးရောင်းမကောင်းရအောင် နင်က ဘာတွေ လုပ်လို့လဲတဲ့။ မိအေးကလည်း အစ်ကိုကို မလိမ်ဘူး။ ၂ လုံးထီဖိုး အကြွေးပေးလိုက်ရလို့တဲ့။ အဲဒီတော့ ပိုဆိုးကုန်တာပေါ့။ ငါတို့က ဒိုင်တွေဆီက လိုင်းကြေးလိုက်ယူတယ်။ အိမ်မှာ ညီမလုပ်တဲ့လူက ဒိုင်ကို ပိုက်ဆံပေးရလို့ အိမ်က ကြက်တစ်အုပ်ပါ ပေးလိုက်ရတယ်။ ရာဇ၀င်ရိုင်းတယ်ဟာတဲ့။ အစ်ကို မူးနေမှန်းသိလို့ စစ်သား ကိုအောင်မင်းကလည်း ထိန်းပေးမယ် မရှိဘူး။ မီးလောင်ရာ လေပင့်နေပြန်တယ်။ ဦးဂျာရက်တို့ ခြံစည်းရိုး အိမ်ဘက်ကို တိုးနေတဲ့ ကိစ္စကို ပြန်စလိုက်တယ်။ အဲဒီတော့ ကိုခင်မောင် ဒေါသူပုန်ထပြီ။ ဦးဖိုးမောင်ဘက် လှည့်လာတယ်။ အဖေတို့ကလည်း အိမ်မှာ တနေကုန်နေပြီး ဒီလိုကိစ္စလေးကိုတောင် မပြောဘူးလား။ ကျွန်တော်က ရဲဆိုပေမယ့် အဖေကလူကြီးဆိုတော့ အဖေပြောရင် ပိုထိရောက်တယ်။ ကျွန်တော်က နောက်ကနေပဲ နေပေးလို့ရတာ။ အခုတော့ဗျာ သိသိကြီးနဲ့ ငြိမ်နေရသလားတဲ့။  ဒီကြားထဲ ဒေါ်ခင်ဌေးက ဦးဂျာရက်ဘက်က ၀င်ပြောနေပြန်တယ်။ သူတို့ မပြေလည်သေးလို့ ခြံစည်းရိုး အသစ်မခတ်သေးတာ နေမှာပါ သားရယ်တဲ့။ ကိုခင်မောင်ကလည်း အမေသူတို့ဘက်က လိုက်ပြောစရာမလိုဘူး။ အသစ်လည်း ပြန်လုပ်စရာ မလိုဘူး။ ယိုင်နေရင် ခိုင်ခံ့သွားအောင် ပြန်မတ်ပြီး သေသေချာချာ ပြန်ကာလို့ ရနေသားပဲ။ နည်းနည်းလေး ယိုင်နေရုံနဲ့ ကိုယ့်မြေထဲ မဟားတရားကျွံလာစရာ အကြောင်းမရှိပါဘူး။ ကိုခင်မောင် အသံလေး နည်းနည်း ကျယ်လာပါပြီ။ ဒီအချိန်မှာ အစ်ကို အကြီးဆုံး စက်မှုတက္ကသိုလ်ကျောင်းဆင်း ကိုအောင်ကြီးက ညီလေးတွေကို ထိန်းဖို့ ကြိုးစားပါတယ်။ အဲဒီအချိန်မှာတော့ ကိုခင်မောင်က ခင်ဗျားကရော ဘာထူးလို့လဲ။ ကျောင်းပြီးကတည်းက ထောင်ထဲဝင်သွားတာ။ အခု ပြန်ထွက်လာတော့ရော အိမ်အတွက် ကောင်းအောင် ဘာလုပ်ပေးနိုင်သေးလို့လဲ။ အပိုတွေ ၀င်ပြောမနေနဲ့။ ဒီအချိန်မှာတော့ နံပါတ် (၃) အစ်မ ကျောင်းဆရာမ မလှလှခင်က မိသားစု ရန်ဖြစ်မယ့်အခြေအနေကို ၀င်ထိန်းပါတော့မယ်။ တော်ပြီ မောင်လေး။ တော်ပြီ မောင်လေးဆိုပြီး ၀င်ထိန်းနေရှာတယ်။ နံပါတ် (၂)အစ်မ သူနာပြု မခင်မူကတော့ ကိုယ်နဲ့ မဆိုင်သလိုပဲ။ ကိုယ်ကမှ ဘာမှ မလုပ်တတ်တာ။ နေသာသလို နေတယ်ပေါ့။ ဒီအချိန်မှာ ဦးဖိုးမောင်ဆီက စကားသံ ထွက်လာပါတော့တယ်။ ဒီမှာ ငါ့သား အဖေလည်း ပင်စင်စားဆိုတော့ အိမ်ကို အစစအရာရာကောင်းအောင် လုပ်ပေးနိုင်တဲ့ အရွယ်လည်း မဟုတ်တော့ဘူး ငါ့သား။ အဖေ ၀န်ထမ်းဘ၀နဲ့ မင်းတို့တွေ ကိုယ့်ခြေထောက်ပေါ် ရပ်တည်အောင် အဖေ ပညာတွေ သင်ပေးခဲ့တယ်။ အဖေ ကျွေးမွေး စောင့်ရှောက်ခဲ့တယ်။ အဖေပဲ ဒီအိမ်လေးမှာ စည်ကားအောင် အဖေ လုပ်ပေးခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာ အဖေက အပြောသက်သက်ပဲ လုပ်နိုင်တော့တယ်။ မင်းအမေကလည်း တရားဘာဝနာနဲ့ ငြိမ်းချမ်းမှုကိုပဲ လိုလားတယ်။ အဲဒီတော့ ဦးဂျာရက်တို့ ခြံစည်းရိုးကိစ္စကို အဖေတို့လည်း သိပါတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာအထိ သူတို့လုပ်လာမလဲလို့ စောင့်ကြည့်နေတာပါ။ နောက်တစ်ခု ဦးကျင်ဟုတ်ကြီး ကြက်တစ်အုပ်လုံး သိမ်းသွားတာ နည်းတောင် နည်းပါသေးတယ်။ အဖေယူထားတဲ့ အကြွေးက အဲဒီ ကြက်တစ်အုပ်ထက်တောင် များပါသေးတယ်။ သူက အခု သမီးငယ်လေး မိအေးရဲ့ အပ်ချုပ်စက်ကို သိမ်းဖို့အထိ စကားစလာပြီ။ အဖေကတော့ အဲဒီအပ်ချုပ်စက်ကလေးကို သူ့ဆီမှာရောင်းပြီး အောင်ကြီးကို အီလက်ထရောနစ်ဆိုင်လေး ဖွင့်ပေးမလို့ စဉ်းစားထားတယ်။ ဒီတစ်ကြိမ်မှာတော့ ကိုဦး စကားဝင်ပြောပြီ။ ဟာအဖေကလည်း အစ်မရဲ့အပ်ချုပ်စက်က ကျွန်တော်တို့ရဲ့ အိမ်တွင်းမှုတစ်ခုဗျ။ အပြင်က အပ်ထည်တွေကို လက်ခံလို့ရတယ်။ အိမ်က မကောင်းတဲ့ အ၀တ်အစားတွေကို ပြန်ချုပ်လို့ရတယ်။ ကိုယ့်လက်မှာဖြစ်နေတဲ့ စက်ကို အဖေက ရောင်းလိုက်ရင် ကျွန်တော်တို့ရဲ့ အိမ်စရိတ်က အခုထက် အခြေအနေပိုဆိုးသွားမှာပေါ့။ အစ်ကိုကြီး အဖအရာဆိုသလို အဖေ မစွမ်းသန်ချိန်မှာ အစ်ကိုကြီး ကိုအောင်ကြီးက တနေကုန် သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်မှာ လေပန်းပြီး စာရေးဆရာလိုလို၊ နိုင်ငံရေးသမားလိုလို လုပ်နေမယ့်အစား အိမ်အတွက် တစ်ခုခုကို လုပ်ပေးနိုင်ရင် အခုလို စဉ်းစားစရာ မလိုပါဘူး။ အစ်မ မိပုံ့ကလည်း ဈေးရောင်းလို့ရတဲ့ အမြတ်ကိုပဲစား။ လောင်းကစားမလုပ်နဲ့။ ဒါဆိုရင် ၀င်ငွေက ထိန်းလို့ရပါတယ်။ ကျွန်တော်တို့အိမ်မှာ ကိုယ့်နေရာနဲ့ကိုယ် တာဝန်ကျေအောင်လုပ်တတ်ရင် အခုလို စကားများစရာ မလိုပါဘူး။ ကျွန်တော်တို့အိမ်မှာ အစ်ကိုအကြီးဆုံးက စက်မှုတက္ကသိုလ်ကျောင်းဆင်း၊ နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေကို အစ်ကိုကြီး ဖြေရှင်းတတ်တယ်။ အစ်မကြီးက သူနာပြု၊ ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ပြည့်စုံနေပြီ။ အစ်မလေး လှလှခင်က ကျောင်းဆရာမ၊ ပညာရေးနဲ့ ပတ်သက်လာရင် ပြည့်စုံနေပြီ။ အစ်ကိုလေး ခင်မောင်က ရဲ၊ ဥပဒေနဲ့အညီ အိမ်ကို ကာကွယ်ပေးနိုင်တာပေါ့။ အစ်ကိုလတ် အောင်မင်းက စစ်သား၊ ကျွန်တော်တို့အိမ်အတွက် မားမားမတ်မတ် ဖြေရှင်းပေးမယ့် ယောက်ျားကောင်းကြီးတစ်ယောက်ပဲ။ အစ်မ မိပုံ့က ဈေးရောင်းတော့ ဈေးဖိုးတောင် ကာပြီးသားရယ်။ အစ်မအငယ်ဆုံး မိအေးက စက်ချုပ်တော့ ကျွန်တော်တို့မှာ အိမ်တွင်းမှု လက်ဖြစ်တွေတောင် ထုတ်လို့ရနေပြီ။ ကျွန်တော်တို့ကလည်း ကုမ္ပဏီဝန်ထမ်းတွေဆိုတော့ အထိုက်လျောက်သော ၀င်ငွေတွေနဲ့ စနစ်တကျ စုလိုက်ရင် ကျွန်တော်တို့တောင် တိုက်ဆောက်ပြီး ကားစီးလို့ ရနိုင်ပါသေးတယ် အဖေရာ။ အခုပေးလိုက်ရတဲ့ ကြက်တစ်အုပ်ပြီးရင် အပ်ချုပ်စက် မပေးရဖို့ပဲ ဦးကျင်ဟုတ်ကြီးကို ကျွန်တော်တို့ အကြွေးပြန်ဆပ်ရမယ်။ နောက်ထပ် အကြွေးမယူမိဖို့ပဲ အရေးကြီးတယ်။ ဒါဆိုရင် သူ့ရဲ့ ရန်က ကာကွယ်လို့ရတယ်။ အခုပြောရမှာ ခြေရင်း ဦးဂျာရက်တို့ ကိစ္စပဲ။ သူတို့က ခြံစည်းရိုးယိုင်တာ နဲ့တာကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ မြေကို ယူတယ်။ တဖြည်းဖြည်းနဲ့ ခြံစည်းရိုး အသစ်ပြန်ကာချိန်မှာ သူတို့က မြေခိုးပြီး ပြန်ကာဦးမှာအဖေ။ အဲဒီတော့ ယိုင်နေတဲ့ ခြံစည်းရိုးကို ကျွန်တော်တို့ ယောက်ျားလေးတွေက မနက်ဖန်ကျရင် ပြန်မတ်လိုက်ပြီး လိုအပ်တဲ့ ၀ါးနဲ့ဖြစ်ဖြစ်၊ သစ်ချောင်းနဲ့ဖြစ်ဖြစ် ပြန်ထောက်ပြီး နေရာတကျ ပြန်ထားလိုက်ရင် သူတို့လည်း လုပ်ချင်သလို လုပ်လို့ မရတော့ပါဘူး အဖေရာ။ အဲဒီတော့ မနက်ကျရင် ညီလေး ကိုပိုင် အလုပ်ကိုသွား။ ကိုကြီး အလုပ်ဖျက်လိုက်မယ်။ ကိုကြီးလည်း ကိုအောင်မင်း ပြန်ရောက်တုန်း ကိုခင်မောင်နဲ့အတူတူ ခြံစည်းရိုး ပြန်ကာလိုက်မယ်။ မင်းလည်း သားဦးကို သေချာပြောပြလိုက်ပါ။ ငါ အလုပ်မလာတဲ့အကြောင်းကို။ တော်ကြာ ငါ့ကို လက်ဘက်ရည်မတိုက်လို့ စိတ်ဆိုးနေဦးမယ်။ ကိုအောင်ကြီးကတော့ အစ်ကိုကြီးဆိုတော့ ကျွန်တော်တို့ကို လိုအပ်တာ ညွှန်ကြားပေးပေါ့ဗျာ။ အစ်ကို ပိုတတ်မှာပေါ့။

ဒီလိုနဲ့ ရန်ပွဲအကြောင်းကို ပြောပြပြီး ကျွန်ုပ်တို့ လမ်းခွဲကြတယ်။ အပြန်လမ်းမှာ ကျွန်ုပ်သတိထားမိတာ တစ်ခုကတော့ ဦးဖိုးမောင်တို့ တခြံဝင်းလုံး ၀ါးလုံးတိုင်အသစ်များဖြင့် တောင့်တောင့်တင်းတင်း ခြံစည်းရိုးတစ်ခုကို မြင်လိုက်ရခြင်းပဲ ဖြစ်တယ်။ ဦးဂျာရက်ကြီးမှာတော့ မျက်နှာကြီး ရှုံ့မဲ့မဲ့ဖြင့် ခြံစည်းရိုးအသစ်ကို မျက်စောင်းထိုးနေပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်ကလေးဟာ အခုလို စကားတွေ အခြေအတင် များနေရမယ့် အကြောင်းမဟုတ်ပါဘူး။ ကိုယ့်တာဝန် ကိုယ်မကျေကြလို့ စကားတွေ ပြောနေရတာပါ။ ကိုယ့်ဘက်က စပြီး ယိုင်နဲ့ခဲ့လို့ ကိုယ့်မြေ အခိုးခံရတာ။ ကိုယ့်ဘက်က အလွဲသဘင်ကောင်းခဲ့လို့ အကြွေးတင်ခဲ့ရတာ။ ကိုယ့်ဘက်က လောဘတက်ခဲ့လို့ အခုလို အကြွေးတင်ရတာ။ တစ်ယောက်တလဲ အပြစ်တွေ ပုံချနေခဲ့လို့ အိမ်တွင်းရေးစီးပွားပျက်ခဲ့ရတာတွေပါ။ အားလုံး တိုင်တိုင်ပင်ပင်နဲ့ တက်ညီလက်ညီပြန်စလိုက်တော့လည်း ကိုဦးတို့ ကိုပိုင်တို့အိမ်ကလေးဟာ ကျွနိုပ်အိမ်ထက်ပင် ပစ္စည်းဥစ္စာပြည့်ပြည့်စုံစုံနဲ့ ဖြစ်လာခဲ့ပါတော့တယ်။ ဒါဟာ မိသားစု တစ်စုအတွင်းမှာပင် ဖြစ်ခဲ့တာပါ။ လမ်းတစ်လမ်းလုံး ကောင်းစားဖို့ဆိုရင် တစ်လုံးမှာရှိတဲ့ မိသားစုတိုင်း ပါဝင်ကြိုးစားသင့်တယ်။ စည်းလုံးညီညာဖို့ကောင်းပါတယ်။ ရပ်ကွက်တစ်ကွက် ကောင်းစားဖို့ဆိုရင် လမ်းတိုင်းလမ်းတိုင်းက တက်ညီလက်ညီ ဆောင်ရွက်တတ်ဖို့ လိုပါတယ်။ အသိစိတ်ကလေးတွေနဲ့ အကောင်းဘက်ကို ပြုပြင်သင့်ပါတယ်။ အဲဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံ ကောင်းစားဖို့ဆိုရင်တော့……………………….

လေးစားလျက်
သားဦး

No comments:

Post a Comment