
ကိုယ်တိုင်ခံဝန်ချက်တစ်ခုကို အရင်ပြောပြပါရစေ။ ကိုယ်တိုင်က ပညာရှင်လည်းမဟုတ်ဘူး။ တတ်လို့လည်း မဟုတ်ဘူး။ နားလည်လို့လည်း မဟုတ်ဘူး။ နီးစပ်ရာပတ်ဝန်းကျင်နှင့် ကြားဖူးနားဝထဲကနေ ကိုယ်တိုင်လေ့လာတွေ့ရှိချက်ကို တင်ပြချင်တဲ့ သဘောသက်သက်ပါ။ လူတိုင်း လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်ရှိပါတယ်။
စိတ်နှင့်ပတ်သက်ပြီး အနည်းငယ်တင်ပြပါရစေ။
သိပ္ပံပညာရှင်တွေက သတ်မှတ်တယ်။ သိစိတ်နှင့် မသိစိတ်တဲ့။ ဗုဒ္ဓဘုရားဟောခဲ့တယ်။ စိတ်မျိုးအစားပေါင်း (၄၀) ရှိတယ်တဲ့။ စိတ်ကောင်းစေတနာက (၁) မျိုးပဲ ရှိတယ်တဲ့။ စိတ်ဟာ လက်တဖြစ်အတွင်းမှာ ကုဋေ (၄၀) ဖြစ်တယ်တဲ့။ စိတ်ထက်မြန်တဲ့အရာ ဒီလောကမှာ မပေါ်သေးဘူးလို့ ကြားဖူးတယ်။ ထားပါတော့လေ။ ဒါက တကဏ္ဍပေါ့။
ဖြစ်ပုံက ဒီလိုဗျ။ သူငယ်ချင်းတစ်ယောက် သူ့ကိုယ်သူ ရူးနေပြီလို့ ကြေညာခဲ့ဖူးတယ်။ တကယ်ရူးမရူးတော့ မသိဘူး။ ဘေးလူကတော့ သူ့ကိုကြည့်ပြီး ရူးချင်လာတယ်။ အဲဒါနဲ့ စိတ်ဆရာဝန်နဲ့ သွားပြတော့ ဆရာဝန်က မေးတယ်။ ဘယ်လိုခံစားရလို့လဲတဲ့။ သူကလည်း ပြန်ဖြေတယ်။ ဆရာရယ် ကျွန်တော် ညဘက်အိပ်ရင် စိတ်ထဲမှာ ခွေးဖြူကြီးနဲ့ ခွေးမည်းကြီး နှစ်ကောင် အမြဲတမ်းကိုက်နေကြတယ်လို့ ခံစားရတယ်။ သူတို့အချင်းချင်းကိုက်တာက အကြောင်းမဟုတ်ဘူး။ ကျွန်တော် အိပ်လို့မရဘူးတဲ့။ ညဘက်အိပ်ရေးပျက်ဖန်များလာရင် ဒီလိုပဲ ကြောင်တောင်တောင် အဖြစ်မျိုး ဖြစ်တတ်ပါတယ်။ အဲဒါနဲ့ ဆရာဝန်က RELAX ဖြစ်စေမယ့် ဆေးကောင်းဝါးကောင်းတွေနဲ့ အိပ်ဆေးနဲ့ တွဲပြီး သောက်စေကာ အိပ်စက်စေပါတယ်။ တကယ်ပဲ အိပ်ပျော်သွားတယ်။ သူ အိပ်ရာက နိုးလာတော့ ဆရာဝန်ကို ပြောတယ်။ ကျွန်တော် အခုမှ အဖြေကို သေချာသိရပြီ ဆရာရယ်။ ခွေးဖြူကြီးနဲ့ ခွေးမည်းကြီးကိုက်ကြတာ ခွေးမည်းကြီးက အမြဲတမ်းနိုင်နေတာကို မသိခဲ့ရဘူး ဆရာရယ်။ ဆရာပေးတဲ့ဆေးကိုသောက်ပြီး အိပ်ပျော်မှပဲ ကျွန်တော် ကွဲကွဲပြားပြား သိရတာ ကျေးဇူးတင်ပါတယ်တဲ့။
ဒါဆိုရင် အိပ်ပျော်နေချိန်မှာ ခွေးမည်းကြီးက အမြဲတမ်း အနိုင်ရပြီး နိုးထနေချိန်၊ လှုပ်ရှားနေချိန်တွေမှာ ခွေးဖြူကြီးက ပြန်လည် ခံကိုက်နေရဆဲပေါ့။ ဒါဆိုရင် ခွေးဖြူကြီးက အရမ်းပင်ပန်းရှာမှာပဲ။ သူ့ခမျာ အမြဲတမ်း ပြန်လည်ခံကိုက်နေရရှာတယ်။ အဲဒီလို နိုးထလှုပ်ရှားနေချိန်တွေမှာ အနာခံနေရပြီး အရှုံးဘက်က ခွေးဖြူကြီးကို ကျွန်တော်တို့အားလုံးက အနိုင်ပေးနိုင်အောင် ကြိုးစားတည်ဆောက်ကြပါစို့ဗျာ………….
စိတ်ကောင်းစေတနာဟာ (၁)မျိုးပဲ ရှိတယ်တဲ့။ ပရဟိတ၊ အလှူအတန်း၊ ကောင်းမှုကုသိုလ်၊ လူအများအကျိုးရှိစေမယ့်အလုပ် ဒီလိုအလုပ်ကို လုပ်နိုင်ကြတဲ့ ပါရမီရှင်တွေကတော့ ခွေးမည်းကြီး ဘယ်တော့မှ မတော်လှန်နိုင်အောင် ဂုတ်ချိုးခဲ့ကြပြီးသားသူတွေပေါ့ဗျာ။ လေးစားဂုဏ်ယူစရာကောင်းပါပေတယ်။ ကျွန်ုပ်ကတော့ ခွေးမည်းကြီးကို အနိုင်တိုက်ပွဲဝင်ဆင်နွှဲရင်း မသိစိတ်ရဲ့ အမှောင်ထဲက အလွတ်ရုန်းရပေဦးမည်……….
လေးစားလျက်
သားဦး
ခွေးမည်းကြီး ဘယ်တော့မှ မတော်လှန်နိုင်အောင် ဂုတ်ချိုးခဲ့ကြပြီးသားသူတွေ
ReplyDeleteထဲမှာပါချင်နေသူပါ
ခင်မင်တဲ့ sis jasmine